
တပ်မတော်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးမယ်လို့ ကြေညာတာဟာ အပြုသဘောဆောင်ပေမယ့် ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတချို့ကို ချန်ထားခဲ့တာကြောင့် တနိုင်ငံလုံး အပစ်ရပ်စဲရေး ကြေညာပေးဖို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ၄ လကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းပေးမယ်လို့ မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြေညာခဲ့တာပါ။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတို့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် စစ်ဆင်ရေးတွေ ရပ်ပေးမယ်လို့ ဆိုထားပါတယ်။
ကြေညာတဲ့အထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်တွေ မပါဝင်ပါဘူး။
အပစ်ရပ်ပေးတာဟာ အပြုသဘောဆောင်ပေမယ့် ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတချို့ကို ချန်ထားတာနဲ့အတူ တပ်လှုပ်ရှားတာကို ၄ လကျော်ပဲ အချိန်ကန့်သတ်ထားတာကို သတိပြုမိလို့ တပ်မတော် အနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီး ငြိမ်းချမ်းရေး အမှန်တကယ်လိုလားတဲ့ ဆန္ဒမွန်ကို ထုတ်ဖော်ပြသဖို့ ကေအန်ယူက တိုက်တွန်းလိုက်တာပါ။
တပ်မတော်ကတော့ လှုပ်ရှားမှုတွေ ရပ်ထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာတွေကို ညှိနှိုင်းဆွေးနွေးသွားဖို့၊ လိုအပ်ရင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က အရာရှိကြီးတွေ၊ သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းမှူးတွေပါတဲ့ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နဲ့ ဆွေးနွေးပေးသွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ လိုအပ်ရင် အပစ်ရပ်စဲရေး လက်မှတ်ထိုးပြီးသားအဖွဲ့ ၁၀ ဖွဲ့နဲ့လည်း တဖွဲ့ချင်းစီ ဆွေးနွေးပေး သွားမယ်လို့ ဆိုပါတယ်။
ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတဲ့အခါ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ထဲက သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေအပေါ် အမြတ်မထုတ်ဖို့၊ ဒေသခံလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ တည်ဆဲဥပဒေတွေကို အလေးအနက်ထား လိုက်နာဖို့လိုမယ်လို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာတော့ အပစ်ရပ်ထားတဲ့ ကာလအတွင်း အန်စီအေကို တူညီတဲ့ ဘုံသဘောထား မညှိနှိုင်းနိုင်သေးခင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘောထား ကွဲလွဲတာတွေကို အင်အားသုံး မဖြေရှင်းရေး သဘောတူညီချက်ကို လိုက်နာကြရမယ်လို့ ဖော်ပြပါတယ်။
ပြီးတော့ တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်အောင် သန္နိဋ္ဌာန်ချထားတယ်လို့ ထုတ်ပြန်ထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ အတူတူလက်မှတ်ထိုးထားတဲ့ အန်စီအေ အခန်း ၁၊ အခြေခံမူ အပိုဒ် ၁ အရ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်နဲ့အညီ တည်ဆောက်သွားနိုင်ရေး တစိုက်မတ်မတ် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး အဖြေရှာသွားမယ်လို့လည်း ဆိုပါတယ်။
ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရကလည်း ၁၉၆၃ ခုနှစ်က အခုလို အပစ်ရပ် ကြေညာခဲ့ဖူးပါတယ်။











