
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ရဲ့ ၂၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြိုင်တိုက်နယ်၊ ဆုံဆည်းမြိုင်ကွင်းမှာ ဒီမနက် ပြုလုပ်သွားပါတယ်။
ဒီအခမ်းအနားကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် စစ်ရေးပြအဖွဲ့တွေ၊ အထူးဧည့်သည်တော်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံ ကရင်ပြည်သူလူထုတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အမှတ်တရဓာတ်ပုံကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် စစ်ဦးစီးချုပ်ကို ပေးအပ်သွားပါတယ်။
ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက “ကရင်ပြည်နယ်အတွင်းက လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရှေ့ဆက်သွားဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေ မရှိတော့တဲ့အခါ ပြည်သူတွေအကျိုး ကူညီထောက်ပံ့ရေးနဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အရင်အစိုးရလက်ထက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးပျက်မှာ စိုးရိမ်ပြီး မဖြစ်မနေ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်ကို လာကြဖို့နဲ့ တိုက်ပွဲတွေ ပြန်မဖြစ်ဖို့ တိုက်တွန်းပြောသွားပါတယ်။
ဒီကေဘီအေ ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို ကေအန်ယူကနေ ခွဲထွက်လာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ၁၉၉၄ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဖိုးစီ











