DVB Logo
Home
မြန်မာသတင်း
တပတ်တကြိမ်သာ ရုံးထုတ်စစ်ဆေးရန် ဇေယျာဖြိုး၏ လျှောက်ထားချက် ခုံရုံးပယ်ချ
DVB
·
December 20, 2018
တပတ်တကြိမ်သာ ရုံးထုတ်စစ်ဆေးရန် ဇေယျာဖြိုး၏ လျှောက်ထားချက် ခုံရုံးပယ်ချ
Donate to DVB

ရှေ့နေဦးကိုနီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံပြသက်သေတွေ စစ်ဆေးတာကို တပတ်တကြိမ်ရုံးထုတ်ဖို့နဲ့ စာချွန်တော်အမိန့်ချပြီးတဲ့အထိ တရားခံပြသက်သေစစ်ဆေးမှုကို ဆိုင်းငံ့ပေးဖို့  ဇေယျာဖြိုးရဲ့လျှောက်ထားချက်ကို ခရိုင် ခုံရုံးဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်။

စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးဟာ ဗဟန်းမြို့နယ် တရားရုံးနဲ့ တာမွေမြို့နယ် တရားရုံး တွေမှာပါ အမှုရင်နေရပြီး တပတ် ၃ ကြိမ် ရုံးထုတ်နေရတာကြောင့် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂ရက်စစ်ဆေးမယ့်အစား ၁ကြိမ်ပဲ ရုံးထုတ်စစ်ဆေး ပေးဖို့ တင်ပြခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခုံရုံးဥက္ကဋ္ဌက အမှုမြန်ဆန်ဖို့အတွက် အရင်အတိုင်း ရုံးထုတ်စစ်ဆေးမယ်လို့ ညွှန်ကြားခဲ့ပြီး  ဇေယျာဖြိုးရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

ဒ့ါအပြင် သူကိုစွဲချက်တင်ထားတာနဲ့ ပတ်သက်ပြီး စာချွန်တော်လျှောက်ထားပြီးဖြစ်လို့ လက်ခံမခံ အမိန့်ချပြီးမှ တရားခံပြသက်သေတွေကို စစ်ဆေးဖို့လျှောက်ထားချက်ကိုလည်း သီးခြားပြဋ္ဌာန်းချက်မရှိတာကြောင့် ပယ်ချခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၀ ရက်က မြောက်ပိုင်းခရိုင်တရားရုံးမှာ ၉၄ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေ ၁ ဦးကိုပဲ စစ်ဆေးနိုင်ခဲ့ပါတယ်။

စွဲချက်တင်ခံထားရတဲ့သူတွေဘက်က တရားခံပြသက်သေ ၇၂ ယောက်တင်ပြထားပြီး အယောက် ၂၀ ကို ပြန်ပယ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ၃၄ ဦးစစ်ဆေးပြီးဖြစ်တာကြောင့် နောက်ထပ် ၁၈ အယောက်ကိုပဲ စစ်ဆေးဖို့ကျန်ပါတော့တယ်။

တရားလိုရှေ့နေတွေကတော့ တရားခံပြသက်သေတွေကို အချိန်မှီခေါ် ဆောင်နိုင်မှုမရှိတာ ရုံးတော်ကဆင့်ခေါ်နိုင်ဖို့ တရားခံပြသက်သေတွေရဲ့ လိပ်စာတိကျ မှန်ကန်စွာ မတင်ပြနိုင်တာတွေကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ၂၅၇ (၁) အရ ကျန်ရှိတဲ့ တရားခံပြ သက်သေတွေကို ပယ်ပြီး ဥပဒေနဲ့အညီ ဆုံးဖြတ်ပေးဖို့ ဒီနေ့ရုံးတော်ကို တင်ပြခဲ့ပါတယ်။

အထူးခုံရုံးက မနက်ဖြန်ရုံးချိန်းမှာ တရားခံပြသက်သေ ၃ ဦးခေါ် ဆောင်လာဖို့နဲ့ မခေါ်ဆောင်လာနိုင်ပါက ပုံမှန်ရုံးရှေ့လာရောက်နေတဲ့ ဇေယျာဖြိုးရဲ့ဇနီး ဒေါ်သီတာလွင်ကို စစ်ဆေးဖို့ ခုံရုံးဥက္ကဋ္ဌက ညွှန်ကြားခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကြည်လင်းကို ပုဒ် ၃၀၂ ၁(ခ)/၃၄၊ ၃၀၂(၂)အပြင် လက်နက်မှုတွေနဲ့ပါ စွဲချက်တင်ထားတာပါ။ အောင်ဝင်းဇော်ကိုတော့ ပုဒ်မ ၃၀၂ ၁(ခ)/၃၄ နဲ့စွဲချက်တင်ထားပြီး ဇေယျာဖြိုးကိုတော့ ပုဒ်မ ၃၀၂ ၁(ခ)/၁၀၉ နဲ့စွဲ ချက်တင်ထားပါတယ်။

အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ထားပြီး ငွေကျပ်သိန်း ၅၀၀ နဲ့ အာမခံပေးထားပါတယ်။ ဒီအမှုရဲ့အဓိကတရားခံကို ယူဆခံထားရတဲ့ အောင်ဝင်းခိုင်ကိုတော့ အခုချိန်ထိ မဖမ်းမိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013