
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ မိုးစပါးရိတ်သိမ်းချိန် သီးနှံဖျက်ပိုးတွေ ကျရောက်ခဲ့တာကြောင့် စပါးထွက်နှုန်းကျဆင်းခဲ့ရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
အခုလို သီးနှံဖျက်ပိုး ကျရောက်ခဲ့တာကြောင့် အရင်က တဧက တင်း ၆၀ ကျော်ထွက်ရှိရာကနေ ယခုအခါ ၄၅ တင်းနဲ့ တင်း ၅၀ ကြားသာ ထွက်ရှိခဲ့တာပါ။
မုံကြိုင်းကျေးရွာသား ဦးတင်ဝင်းက " ပိုးဖျက်တာကတော့ တော်တော်ဆိုးဝါးတယ်။ ဒါတောင် ရိတ်ပြီးတာတွေက လွတ်သွားလို့ တော်သေးတာ၊ မရိတ်ရသေးတဲ့ အသီးပင်ကျတော့ ပျက်စီးကုန်တာပေါ့။ မျှော်မှန်းထားသလောက် မရတာပေါ့။ ကျနော်တို့အနေနဲ့ မိုးစပါးစိုက်မယ်ဆို တဧကအတွက်ကုန်ကျငွေကျပ် ၂ သိန်းလောက်ရှိတယ်။ နောက်ထပ် သီးနှံစိုက်ဖို့ကျတော့ အခုလို စပါးဖျက်ပိုးကျတဲ့အတွက် ငွေတော်တော်ကြပ်သွားတယ်" လို့ ပြောပါတယ်။
အခုလို သီးနှံဖျက်ပိုးကျတဲ့အတွက် နောက်ထပ် သီးနှံစိုက်မယ့်နေရာမှာ ငွေကြေး အခက်ခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖျက်ပိုးကျရောက်တဲ့ ဒေသခံတောင်သူက ပြောပါတယ်။
အဲဒီ ဒေသမှာ မိုးစပါးကို နိုဝင်ဘာလလယ်ပိုင်းလောက်က စတင်ရိတ်သိမ်းနေကြတာဖြစ်ပြီး ရိတ်သိမ်းဆဲကာလမှာတင် စပါးဖျက်ပိုးတွေ ကျရောက်ခဲ့တာလို့ ဒေသခံတောင်သူ တွေထံက သိရပါတယ်။
ပုလဲမြို့နယ်အတွင်း အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ လုံးသွယ်မွှေးနဲ့ ရေဆင်းဧရာစပါးအမျိုးစားတွေ ဖြစ်ပါတယ်။ ပုလဲမြို့နယ်မှာ မိုးစပါးစိုက်ဧက စုစုပေါင်း ၅ သောင်းဝန်းကျင်ရှိပြီး မုံကျိုင်း၊ လက်တောင်းကြီး၊ ကျေးနင်းကြီး၊ မင်းမစတဲ့ ကျေးရွာတွေမှာ မိုးစပါး အများဆုံး စိုက်ပျိုးကြပါတယ်။
သတင်း/ဓာတ်ပုံ- ရန်နိုင်စိုး











