
နိုင်ငံတ၀န်းရှိ မြို့နယ်တိုက်နယ်ဆရာဝန်တွေကို မလိုအပ်ဘဲ အစည်းအဝေးမခေါ်ဖို့ ပြည်နယ်တိုင်း ဦးစီးမှုးတွေကို အမိန့်ထုတ်ထားတယ်လို့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက် ပြည်သူ့လွှတ်တော်မှာ ပြောခဲ့တာဖြစ်ပြီး လူနာတွေပစ်ပြီး အစည်းအဝေးတက်ရတာမျိုး မဖြစ်အောင် အမိန့်ထုတ်ထားတာလို့ ၀န်ကြီး က ပြောပါတယ်။
“မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန် ဒုဦးစီးမှူးတွေက အစည်းအဝေးတွေတက်ရတယ်။ အချိန်တွေ ကုန်ပါတယ်။ ကျနော့်အနေနဲ့ ဒါ ပြောထားပါတယ်။ တိုင်းနဲ့ပြည်နယ်ဦးစီးမှူးတွေရော ကျနော်တို့ဆီမှာ ညွှန်ချုပ်တွေရော တတ်နိုင်သမျှ အစည်းအဝေးကို မလိုရင် မခေါ်ပါနဲ့။ သူတို့သည် အစည်းအဝေး လာခြင်းအားဖြင့် လူနာများကိုပစ်ပြီး လာရတဲ့အတွက် လိုအပ်မှသာလျင် ခေါ်ဖို့ဆိုတာ ကျနော်တို့ အမိန့်ထုတ်ထားပါတယ်”
နယ်ဆေးရုံတွေမှာရှိတဲ့ တိုက်နယ်ဆရာဝန်တွေဟာ အစည်းအဝေးတွေပဲ တက်နေရပြီး ဆေးရုံကလူနာတွေကိုတော့ ပစ်ထားသလို ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထာက်ပြကြပါတယ်။
ကျန်းမာရေးပြည်ထောင်စုဝန်ကြီးက အထူးသဖြင့် နယ်ဆေးရုံတွေက တိုက်နယ်ဆရာဝန် အင်အား တဦးစနှစ်ဦးစပဲရှိပြီး အင်အားနည်းလို့ သူတို့ကို အစည်းအဝေးမခေါ်ဖို့ ဒီရက်ပိုင်းမှာ ထပ်မံအသိပေးအကြောင်းကြားသွားမယ်လို့လည်း ပြောသွားပါတယ်။











