DVB Logo
Home
မြန်မာသတင်း
မဲဆောက် လေးလောင်းပြိုင်လူသတ်မှုတွင် ထွက်ပြေးနေသူ ၂ ဦး မြိုင်ကလေး၌ဖမ်းမိ
DVB
·
December 20, 2018
မဲဆောက် လေးလောင်းပြိုင်လူသတ်မှုတွင် ထွက်ပြေးနေသူ ၂ ဦး မြိုင်ကလေး၌ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာမိသားစုဝင် ၄ ဦး အသတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်သူ ၂ ဦးကို မနေ့ညက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျးရွာမှာ ဖမ်းဆီးရမိပြီလို့ မြိုင်ကလေး ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးဟာ ဦးရွှေနဲ့ ဇော်ဇော်တို့ဖြစ်ကြပြီး ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ မနေ့ည ၈ နာရီလောက်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့  မြိုင်ကလေး ရဲစခန်းက ရဲအုပ်ဇော်လင်း က ပြောပါတယ်။

“မနေ့က အဲဒီရွာမှာ သူရောက်နေတယ်ဆိုပြီးတော့ တာဝန်သိပြည်သူက သတင်းပေးလို့ ကျနော်တို့က သွားဖမ်းတာပေါ့နော်။ သွားတဲ့အချိန်မှာ အဲဒီနှစ်ယောက်ကို တွေ့တယ်။  မေးမြန်းတဲ့ အချိန်မှာ သူတို့ကလည်းလုပ်ခဲ့တယ်လို့ ၀န်ခံတယ်။ သူတို့ရဲ့သွားလာပုံအဆင့်ဆင့် ဘယ်လိုပြေး လာတယ်ဆိုတဲ့ အချက်တွေနဲ့ ကျနော်တို့က ဘားအံမြို့မရဲစခန်းမှာ ချုပ်ထားပြီးတော့ လူကြီးတွေ ကို တင်ပြခဲ့တာပေါ့နော်။”

လတ်တလောမှာတော့ ဖမ်းဆီးရမိသူနှစ်ဦးကို ဘားအံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး အထက်ရဲညွန်ကြားချက်အရ မဲဆောက်ကို ပို့မှာဖြစ်တယ်လို့လည်း ရဲအုပ်ဇော်လင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဦးရွှေနဲ့ဇော်ဇော်တို့ကို သေဆုံးသူက နေ့စဉ်ရန်ရှာရာကနေ အခုလိုသတ်ခဲ့တာလို့ ထွက်ဆိုထားကြောင်းလည်း ပြောပါတယ်။

“စစ်ဆေးချက်အရ သူတို့ကတော့ အဲဒီဝင်းထဲမှာ အတူနေတယ်ပေါ့။  အဲဒီမိသားစုနဲ့သူတို့က အတူ တ၀င်းထဲမှာ အလုပ်လုပ်ကိုင်ကြတာပေါ့နော်။ အလုပ်လုပ်ကိုင်ကြရင်းနဲ့ မူးလာတိုင်း သူတို့ နှစ်ယောက်လုံးက ရခိုင်တွေပေါ့နော်။ ကိုရွှေနဲ့ ဇော်ဇော်တို့က။ ရခိုင်တွေကို သူက မူးလာတိုင်း ပြဿနာရှာပေါ့နော်။  ရန်လုပ်တယ်၊ ဆဲတယ်။ မကြားဝံမနာသာ ဆဲတယ်ပေါ့။ သူတို့ကို ရန်လုပ်တာ အခုတခါတည်း မဟုတ်ဘူးပေါ့နော်။ မူးလာတိုင်းသူတို့ကို လာပြီးဆဲတယ်။ ရန်စတယ် အဲလိုပေါ့နော်။ အဲဒီဖြစ်တဲ့နေ့ကလည်း အရက်သောက်ထားတယ်။ အရက်သောက်ထားတော့ သည်းမခံနိုင်တော့ဘူး ဆိုပြီးတော့ ညကြီး သူတို့အိပ်နေတဲ့အချိန်မှာ တဲထဲကိုဝင်ပြီး ရိုက်သတ်ပစ်တာတဲ့။  ”လို့ ရဲအုပ်ဇော်လင်းကပြောပါတယ်။

ကလေးကို သတ်တဲ့အပေါ် မေးမြန်းကြည့်ရမှာလည်း “အဲဒါ သူတို့ရဲ့ ထွက်ချက်အရ ကလေးအကြီးက ဖအေနဲ့ အိပ်တယ်။ ကလေးလသားလေးက မအေနဲ့ အတူအိပ်တယ်ပေါ့။ သက်တဲ့အချိန်မှာ ဖအေကိုအရင်စသတ်တယ်။ အဲတော့ အတူအိပ်နေတဲ့ ကလေးကိုလည်း ရိုက်မိသွားတယ်။ အဲဒါနဲ့သူတို့ပြီးတော့ အထဲကိုဝင်ပြီး မိန်းမကိုလည်း သူတို့ရိုက်တယ်ပေါ့ဗျာ။ ရိုက်တော့ ကလေးလေးကိုချီပြီး အမျိုးသမီးက ပတ်ပြေးတာပေါ့။   အဲဒီလိုတွေ ဖြစ်ကုန်တယ်။ သူတို့ရဲ့ထွက်ချက်အရပေါ့နော်”

မဲဆောက်မြို့မှာ မြန်မာမိသားစုဝင် ၄ ဦး အသတ်ခံရပြီးတဲ့နောက် သံသယရှိ လူသတ်သမားတွေကို ထိုင်းရဲက အပူတပြင်းလိုက်လံရှာဖွေနေရာမှာ ဒီဇင်ဘာလ ၁၈ ရက်ညနေပိုင်းက ဦးရွှေရဲ့အမျိုးသမီးကို ဖမ်းဆီးခဲ့ပါတယ်။

အသတ်ခံရသူတွေကတော့ ဦးဖိုးသာအောင် ၄၆ နှစ်၊ ဇနီး ဒေါ်ခင်လှ ၄၆ နှစ်၊ သားကြီး စောပေါ့ ၄ နှစ်နဲ့  ၄ လရွယ်သားငယ်တို့ မိသားစု ၄ ဦးဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်ညက သူတို့နေထိုင်တဲ့ ထာ့ဆိုင်လွတ်အုပ်စု၊ ရပ်ကွက် ၁ က တဲတလုံးထဲမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။

တာဝန်ရှိသူတွေက ဦးဖိုးသာအောင်၊ ဒေါ်ခင်လှနဲ့ ၄ လသား ကလေးငယ်ရဲ့အလောင်းကို တဲရှေ့မှာတွေ့ပြီး သားကြီးရဲ့အလောင်းကိုတော့ တဲအိမ်အနီးက ရေကန်ထဲမှာ တွေ့ရှိခဲ့ပါတယ်။

ဒေါ်ခင်လှဘက်က ပါလာတဲ့ သမီးဖြစ်သူ နမ့်ဖွန် (၁၉ နှစ်) ကတော့ အဲဒီညက သူ့သူငယ်ချင်းသွားအိပ်နေလို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက ဒုရဲချုပ်ကိုယ်တိုင် မဲဆောက်ကို လာရောက်ပြီး ဒေသခံ ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးနေမှုတွေကို  ကြီးကြပ်ညွန်ကြားခဲ့ပြီး လူသတ်တရားခံတွေ ဖမ်းမိရေး အတွက် ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို အကူအညီတောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013