DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော်က အတည်ပြု
DVB
·
September 7, 2012
နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော်က အတည်ပြု
Donate to DVB

နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဒီလို အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမယ့် နိုင်ငံရပ်ခြား ကုမ္ပဏီတွေ အနေနဲ့ ၀င်ရောက်လုပ်ကိုင်ဖို့ တရားဝင် လမ်းပွင့်သွားစေပါတယ်။ အချိန်ယူဆွေးနွေးခဲ့တဲ့ ဒီဥပဒေကြမ်းကို စတုတ္တအကြိမ် လွှတ်တော် အစည်းအဝေးရဲ့ နောက်ဆုံးနေ့ရက်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အငြင်းပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံဖို့အတွက် နိုင်ငံခြားသားတွေ ဒေါ်လာ ၅ သန်းကနေ စတင်ရင်းနှီးထည့်ဝင်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ရင်းနှီးမြှုပ်နှံရေးကော်မရှင်က သတ်မှတ်ပေးဖို့ ဆိုတဲ့အပိုဒ်နဲ့ အစားထိုးလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “အခု သူတို့ ဥပဒေကြမ်းကော်မတီ ၂ ခု ပြန်ပြီးတော့ ပြင်လိုက်တဲ့အထဲမှာတော့  ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်ပြီးတော့ ခွင့်ပြုလို့ရှိရင် ရတယ်ဆိုတဲ့သဘောပေါ့နော်။ မူလက ပြည်သူလွှတ်တော်က နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ခံသည့် ယင်းနှင့် ညီမျှသော နိုင်ငံခြားသုံးငွေ ပါဝင်ရမည်လို့ ပြောထားရာကနေ အခု ပြန်ပြီး အတည်ပြုလိုက်တာက နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို ကော်မရှင်က လုပ်ငန်းသဘာဝအပေါ် မူတည်၍ ပြည်ထောင်စုအစိုးရ၏ သဘောတူ ခွင့်ပြုချက် ရယူပေးရမည်ဆိုပြီး လုပ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားသားတွေကို ကန့်သတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းကိုလည်း ပြောင်းလဲပြင်ဆင်ခဲ့တယ်လို့ ဦးရဲထွန်းက ဆိုပါတယ်။

“နိုင်ငံခြားမတည်ငွေ ရာနှုန်းပြည့် လုပ်ကိုင်ခွင့်မရှိသော ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ဆက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းခွင့်ရပါက နိုင်ငံခြားမတည်ငွေ အရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်း ဖြစ်ရမည် ဆိုတဲ့ဟာ အဲဒါက ပြည်သူ့လွှတ်တော်က ထပ်ပြီးတော့ ပြင်ထားတာ။”

နဂိုက ရင်းနှီးမြှုပ်နှံမှုဥပဒေမှာပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ နယ်မြေကနေ အနည်းဆုံး ၁၀ မိုင်အထိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မရဘူးဆိုတဲ့ ဖော်ပြချက်ကိုလည်း ခြွင်းချက် အနေနဲ့ နယ်စပ်က စီးပွားရေးဇုန်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်တယ် ဆိုပြီး ဖြေလျှော့တဲ့ ဥပဒေကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက် ပါတယ်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော် နာယက ကနေ ပြည်ထောင်စုသမ္မတထံ ပေးပို့သွားမည်ဖြစ်ပြီး သမ္မတက ပြင်ဆင်ဖို့ မရှိရင်တော့ရင် အပြီးသတ် အတည်ပြုပြီး အသက်ဝင်မှာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) တာဝန်ရှိသူတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်တဲ့အချက်တွေ ပါဝင်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေကြောင့် အနောက်နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်းထားကြပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေတရပ် မရှိသေးတာကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်ဆောင်ကြတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013