
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းမှာ ဒီဇင်ဘာ ၁၉ ရက်က စတင်ပြီး ၃ရက်ကြာ ကျင်းပနေပါတယ်။
လူ့ဘောင်သစ်ပါတီဟာ ဒီမိုကရေစီလုပ်နည်းလုပ်ဟန်တွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လှုပ်ရှားနေတဲ့ ပါတီဖြစ်ပြီး ဒီလို အခြေအနေမျိုးကိုတည်ဆောက်ချင်တာကြောင့် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးပြုလုပ်ရတာလို့ ပါတီ ဥက္ကဋ္ဌကပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ မြန်မာနိုင်ငံအနှံ့ မြို့နယ် ၃၃ မြို့နယ်မှာ ကော်မတီ တွေ ဖွဲ့စည်းထားသလို စည်းရုံးရေးကော်မတီနဲ့ လူငယ်ကော်မတီတွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီအစည်းအဝေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွန်ယက်၊ ပြည်သူ့ပါတီနဲ့ တောင်သူလယ်သမားများကွန်ယက် အပါအဝင်တခြား နိုင်ငံရေးပါတီတွေ တက်ရောက်ပြီး အဖွဲ့အစည်း ၂၀ကျော်က သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
ဒ့ါအပြင် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ နိုင်ငံတကာဆက်ဆံရေးအဖွဲ့ အတွင်းရေးမှူးနဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေလည်း တက်ရောက်လာကြပါတယ်။
အစည်းအဝေး တက်ရောက်လာတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်တပ်ဦး ကိုယ်စားလှယ် ဦးမြအေးက “ကျနော်တို့ ဒီမိုကရေစီကို သွားမယ်ဆိုရင် ဒီမိုကရေစီချည်းတိုင်း တတွတ်တွတ် ရွတ်နေမယ်။ ဒါပေမယ့် ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ဘေးပစ်ထားမယ်ဆိုရင် ကြက်တူရွေး အော်သလို အော်နေတဲ့ ကြက်တူရွေး ဒီမိုကရေစီသာဖြစ်မယ်”လို့ ပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ လူထုအရေးတော်ပုံနောက်ပိုင်းမှာ ကျောင်းသားအများစုနဲ့ ဖွဲ့စည်းထူထောင်ခဲ့တဲ့ ပါတီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလက အင်အားကြီး ပါတီတခုအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။











