DVB Logo
Home
မြန်မာသတင်း
အငြိမ်းစား နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာ တပြေးညီတိုးမြှင့်ပေး
DVB
·
December 19, 2018
အငြိမ်းစား နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာ တပြေးညီတိုးမြှင့်ပေး
Donate to DVB

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်လစာတွေကို တပြေးညီတိုးပေးလိုက်ပြီး အရင်ကလို ပင်စင်စားနှစ်သုတ်ကွဲနေတာမျိုး မရှိတော့ဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပင်စင်ဦးစီး ဌာနက ပြောပါတယ်။

အခုတိုးပေးလိုက်တဲ့ ပင်စင်လစာအရ အနိမ့်ဆုံး ရုံးအကူဝန်ထမ်းက ကျပ် ၁၂,၀၀၀ တိုးမှာဖြစ်ပြီး အမြင့်ဆုံး ညွှန်ချုပ်ဝန်ထမ်းက ၂၇၀,၀၀၀ တိုးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ၀န်ထမ်းတွေကို တပြေးညီ ကျပ် ၂၀,၀၀၀ တိုးပေးခဲ့ပြီး ပင်စင်စားတွေကိုလည်း ကျပ် ၂၀,၀၀၀ အချိုးကျ တိုးပေးခဲ့ပါတယ်။

တခါ ၂၀၁၅ ခုနှစ်မှာ ၀န်ထမ်းတွေ လစာတိုးပေးတုန်းကတော့ ပင်စင်စားတွေကိုပါ တပြေးညီတိုးမပေးခဲ့ဘဲ ကျပ် ၄၅,၀၀၀ အပေါ်အခြေခံပြီး တွက်ချက်ပေးခဲ့လို့ ပင်စင်စားအားလုံး တပြေးညီ မဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပင်စင်စားအားလုံးကို တပြေးညီတိုးပေးလိုက်ပြီး ပင်စင်စား နှစ်သုတ်ကွဲ နေတာမျိုးလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ပင်စင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း ကပြောပါတယ်။

“ပင်စင်စားက နှစ်သုတ်ကွဲနေတယ်။ လေးသောင်းခွဲအပေါ် တိုးတဲ့လူတွေနဲ့ ၁-၄-၂၀၁၅ ခုနှစ် တိုးတဲ့ လူတွေနဲ့ မတူပြန်ဘူး။ အဲအခု အဲ့ဒါတွေ မရှိတော့ဘဲနဲ့ အခု ၁-၄-၂၀၁၈ခုနှစ် လစာနှုန်းထားအတိုင်းပဲ တိုးမှာပေါ့။ ကျနော် ဥပမာပေး ပြောရရင် ဦးစီးမှူးပေါ့နော် ဦးစီးမှူးတယောက်က လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လုပ်သက် ၃၀နဲ့ ပင်စင်ယူခဲ့တဲ့သူတွေက ကျန်နေခဲ့တာပေါ့။ အချိုးတွေနဲ့၊အခု ဒီပင်စင်တိုးလိုက်တဲ့အချိန်မှာ အဲ့ဒီတုန်းက လုပ်သက်  ၂၀ ဦးစီးမှူးနဲ့အခုယူတဲ့ လုပ်သက် ၂၀ ဦးစီးမှူးနဲ့ ပင်စင်သည်လည်း တတန်းထဲ အတူတူ ဖြစ်သွားမယ်။”

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးရဲ့အမိန့်ကြော်ငြာစာအရ ပင်စင်စားတွေကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလကစပြီး ပင်စင်လစာတိုးပေးတော့မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်မတိုင်မီ အငြိမ်းစားလစာ ခံစားနေတဲ့ ပင်စင်စားတွေရဲ့ ပင်စင် ခ ခံစားခွင့်ကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ ပင်စင်ယူရင်ရရှိမယ့် ပင်စင်ခံစားခွင့် အတိုင်း တိုးမြှင့်ခံစားခွင့်ပြုလိုက်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါရှိပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လကုန်ထိ ပင်စင်ခံစားနေတဲ့ အငြိမ်းစားဦးရေပေါင်း ၈၁၂,၉၆၆ ဦးရှိပြီး နှစ်စဉ် ပင်စင်စားဦးရေ အသားတင် ၃၅,၀၀၀ လောက် တိုးတက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013