DVB Logo
Home
မြန်မာသတင်း
သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တရားဝင်အတည်ပြုကြေညာ
DVB
·
December 19, 2018
သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တရားဝင်အတည်ပြုကြေညာ
1 / 6
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှာ သံလွင်ဥယျာဉ်သတ်မှတ်ထူထောင်ခြင်း ဖွင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက် မနက်က ကျင်းပပါတယ်။

ဖွင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အခမ်းအနားမှာ ဒေသခံပြည်သူတွေ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို လှည့်လည်ကြည့်ရှုတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ကေအန်ယူရဲ့ငြိမ်းချမ်းရေးခရီးစဉ် အထောက်အကူပြုဖို့၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး မဆုံးရှုံးရလေအောင် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့၊ သဘာဝ ပတ်ဝန်းကျင် ပြုပြင်ထိမ်းသိမ်းဖို့၊ သားစဉ်မြေးဆက် ဆက်လက်သုံးစွဲနိုင်ဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်ပြီး သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တည်ထောင်တာပါ။

ကေအန်ယူတပ်မဟာ ၅ ဌာနချုပ် ဖာပွန်ခရိုင်ဥက္ကဋ္ဌ ဖဒိုထဲဒန်က “ပြည်သူလူထုတွေရဲ့ ဆန္ဒရှိသလောက်ထုတ်ဖော်ပြီး ကျနော်တို့ ကြိုးစားနေတဲ့ကာလ၊ ကြိုးစားဆဲကာလမှာ အခက်အခဲအကြပ်အတည်းကတော့ ရှိနေမှာပဲ။ ဒါပေမယ့် ကျနော်တို့ ထားထားတဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေကို မမှိတ်မသုန်ရောက်ရှိသွားဖို့ ကျနော်တို့ ကြိုးကြိုးစားစား အနစ်နာခံပြီး လုပ်အားရော၊ ဉာဏအင်အားကောဖြည့်ဆည်းမှ အဓိကရည်မှန်းချက်ကို ရောက်ရှိမှာဖြစ်တယ်”လို့ ပြောပါတယ်။

အခမ်းအနားမှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် သတ်မှတ်တည်ထောင်တာနဲ့ ပတ်သက်လို့ ဒေသခံလူထုရဲ့ သဘောတူညီထောက်ခံမှုရလဒ်ကို ချပြခဲ့ပြီး သံလွင်ငြိမ်းချမ်းရေးဥယျာဉ် သတ်မှတ်တည်ထောင်ခြင်းအတွက် သဘောတူလက်မှတ်ရေးထိုး တရားဝင် ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဌာနေတိုင်းရင်းသားတို့ရဲ့ နယ်မြေစီမံအုပ်ချုပ်မှုစနစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စည်းမျဉ်း ဥပဒေမူဘောင်တွေကို ဆွေးနွေးချပြတာ၊ ဌာနေတိုင်းရင်းသားတို့ရဲ့ မြေနဲ့ ရိုးရာဓလေ့နယ်မြေစီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီးကျွမ်းကျင်သူတွေက ဆွေးနွေးတာ၊ မူတြော်ခရိုင်မှာ ထိုင်ကျတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အတွေ့အကြုံတွေကို ပြောပြတာ၊ ဌာနေသူရဲကောင်း တီးအိုမူး သတိယအောက်မေ့ခြင်းအမှတ်တရ စကားပြောကြားတာ၊ ဥယျာဉ်သတ်မှတ် တည်ထောင်ခြင်းကို PKF အဖွဲ့အစည်းက ပေးအပ်တဲ့ နိုင်ငံတကာဆု ချီးမြှင့်တာတွေလည်း လုပ်ခဲ့ကြပါတယ်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်းမှာ မြို့နယ် ၃ မြို့နယ်၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၃၄၈ ရွာ၊ အိမ်ထောင်စု ၉၈၀၀ ကျော်၊ ကျား ၃၃၀၀၀ ကျော်၊ မ ၃၄၀၀၀ ကျော်၊ စုစုပေါင်း လူဦးရေ ၆၇၀၀၀ ကျော်နေထိုင်ကြပါတယ်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်သတ်မှတ်တည်ထောင်လိုက်ကြောင်း တရားဝင်ထုတ်ပြန် ထုက်တာဟာ မိမိအားလုံး မျှော်မှန်းချက်ဖြစ်တဲ့  ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖြည့်ဆည်းလိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၅၂ဝ၅ ရှိပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ မျိုးတုံးလုနီးပါးဖြစ်တဲ့ တောရိုင်းတိရိစ္ဆာန်တွေကိုကာကွယ်ဖို့နဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ မြေနေရာကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အခု သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သတ်မှတ်တည်ထောင်မှုဟာ ပထမခြေလှမ်းသာဖြစ်ပြီး သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို စီမံအုပ်ချုပ်ဖို့ ကိုယ်စားလှယ်တွေ ရွေးချယ်တင်မြှောက်ဖို့ရှိပြီး လာမယ့်နှစ်မှာ အထွေထွေညီလာခံ ကျင်းပသွားဖို့ ရှိပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အသိအမှတ်ပြုကြေညာတဲ့ အခမ်းအနားမှာ ဖာပွန်ခရိုင်ရှိ ဒေသခံလူမှုအသိုင်းအ၀န်း ကိုယ်စားလှယ်တွေ၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်လူထု အခြေပြုအဖွဲ့အစည်းတွေအပြင် မြန်မာပြည်ဒေသ အနှံ့က တိုင်းရင်းသားကိုယ်စားလှယ် ၁၀၀၀ ခန့် တက်ရောက်ပါတယ်။

သတင်း-ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013