DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် ခရစ္စမတ်ပွဲကို ခဲဖြင့်ပစ်ပေါက်ခံရ၍  ၆ ဦးဒဏ်ရာရ
DVB
·
December 19, 2018
ဂန့်ဂေါမြို့နယ်တွင် ခရစ္စမတ်ပွဲကို ခဲဖြင့်ပစ်ပေါက်ခံရ၍  ၆ ဦးဒဏ်ရာရ
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပေါ်လယ်ကျေးရွာမှာ ခရစ္စမတ်ပွဲကျင်းပဖို့ ပြင်ဆင် နေတဲ့ ခရစ်ယာန်မိသားစုတွေကို  ရွာသားတွေချို့က ခဲနဲ့ဝိုင်းဝန်းပစ်ပေါက်ခဲ့တာကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါ်လယ်ကျေးရွာမှာရှိတဲ့ ခရစ်ယာန်မိသားစုတွေက ဒီဇင်ဘာ ၁၈ ရက်နေ့ ခရစ္စမတ်ပွဲတော် ကျင်းပဖို့  ၁၇ ရက်နေ့ညနေပိုင်းက ချက်ပြုတ်ပြင်ဆင်နေချိန် ခဲတွေနဲ့ ပစ်ပေါက်ခံခဲ့ရတာလို့ အဲဒီပွဲမှာ ရှိနေခဲ့တဲ့ ဆရာဆန်ခေါ်က ပြောပါတယ်။

“ကျနော်တို့က မနက်ဖြန်အတွက် ဆုတောင်းဆက်ကပ်ဖို့ အပေါ်မှာ တက်နေကြတယ်။ (Sound Box) အသံချဲ့စက်လည်းမဖွင့်ပါဘူး။ ဂီတာလည်း မတီးပါဘူး။ သီချင်းတောင် မဆိုပါဘူးဗျာ။ အဲဒီအချိန်မှာ ကျနော်က ကျမ်းစာဖတ်ပြီးမှ ကျမ်းစာနဲ့ အနက်အဓိပ္ပါယ် ဘယ်လို ရှိတယ်ဆိုတာ ပြောနေတဲ့အချိန်မှာ ၈ နာရီ ၁၅ မိနစ်လောက်အချိန်မှာ ရွာသူရွာသားတွေက ကျနော်တို့ကို ၀ိုင်းပြီးတော့မှ ခဲနဲ့ပေါက်ကြတာ။ ”

ဒီလို ခဲနဲ့ဝိုင်းပေါက်တာကြောင့် ခရစ်ယာန်ဓမ္မဆရာတပါး ခေါင်းပေါက်သွားသလို တခြားသူတွေကလည်း ခေါင်း၊ ကျောနဲ့ ခြေလက်တွေမှာ ဒဏ်ရာရသူ ၆ ဦးရှိတဲ့အပြင် အနည်းငယ် ထိခိုက်သွားသူတွေ ရှိတယ်လို့လည်း ဆရာဆန်ခေါ်က ပြောပါတယ်။

အဆိုပါကျေးရွာမှာ အိမ်ခြေပေါင်း ၅၂ စုရှိပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အိမ်ထောင်စု ၄ စုနေထိုင်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ခရစ္စမတ်ပွဲတော်မကျင်းပဖို့ ရွာသားတွေက ခေါ်ယူသတိပေးခံခဲ့ရပြီး ဒီနှစ်ခရစ္စမတ်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အခုလိုဖြစ်ပွားတာလို့  ဆရာ ဆန်ခေါ်က ပြောပါတယ်။

“ပြီးခဲ့နှစ်လည်း ကျင်းပတယ်။ ကျင်းပပြီးတော့မှ ဘာဖြစ်လို့ကျင်းပတာလဲ၊ ခရစ္စမတ်ဆိုတာ ကျနော်တို့ရွာက လက်မခံဘူး။ မကျင်းပရဘူး။ ခရစ္စမတ်ပြီးတော့ ၁ လပိုင်း ၁ရက်နေ့မှာ ကျနော်တို့ကို ခေါ်ပြီးတော့ အဲလို တားမြစ်ထားပါတယ်။ နင်တို့ အဲလိုလုပ်လို့ ကျနော်တို့ရွာမှာ မနေရဘူး။ ခရစ်ယာန် ဒီမှာ လက်မခံဘူးဆိုပြီးမှ အဲလိုပြောဖူးတယ်။ ခရစ်ယာန်တွေလက်မခံဘူး။ ခရစ်စမတ်လည်း လက်မခံဘူး။ ဒီမှာ ခရစ်ယာန်ပွဲတွေမလုပ်ရဘူးဆိုပြီးတော့မှပြောခဲ့ဘူးပါတယ်။ ”

ဒီလိုအခင်းဖြစ်ပွားတဲ့အတွက် ခရစ်ယာန်မိသားစုဝင်တွေကို ဂန့်ဂေါမှာရှိတဲ့ အမျိုးတွေဆီ ပို့ဆောင်ထားသလို ဒဏ်ရာရသူတွေကိုလည်း ဂန့်ဂေါဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဂန့်ဂေါမြို့မရဲစခန်းကို အကြောင်းကြားထားပြီး ဂန့်ဂေါမြို့မရဲစခန်းက မင်းရွာရဲစခန်းကို ဆက်သွယ်ပေးပြီး လုံခြုံရေးချက်ချင်းသွားရောက်ပေးကြတယ်လို့လည်း ဆိုပါတယ်။

ဒီလိုခဲနဲ့ပစ်ပေါက်ခံရမှုကြောင့် ချက်ပြုတ်နေတဲ့ အိုးတွေပျက်စီးသွားသလို ချက်ပြုတ်နေတဲ့ အိမ်က ဦးအဒေါင်ရဲ့ နေအိမ်လည်း ပျက်စီးသွားခဲ့တဲ့အတွက် အိမ်ရှင်က အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013