DVB Logo
Home
မြန်မာသတင်း
သွေးလွန်တုပ်ကွေးရောဂါကြောင့် တနှစ်အတွင်း လူ ၁၀၀ ကျော်သေဆုံး
DVB
·
December 19, 2018
သွေးလွန်တုပ်ကွေးရောဂါကြောင့် တနှစ်အတွင်း လူ ၁၀၀ ကျော်သေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀ကျော်  ရှိခဲ့တယ်လို့ ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

၂၀၁၈ ဇန်န၀ါရီကနေ နိုဝင်ဘာအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၂၂၀၄ ဦးနဲ့ သေဆုံးသူ ၁၀၇ဦး ရှိခဲ့တာလို့ နေပြည်တော်မှာ မနေ့ကလုပ်ခဲ့တဲ့ ရောဂါပိုးမျိုးသယ်ဆောင်တဲ့ ပိုးမွှားကောင်တွေကတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ကာကွယ်တာဆီးနှိမ်နင်းရေး စီမံချက်ရဲ့  ၂၀၁၈ ခုနှစ်အတွက် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ် ဆွေးနွေးခြင်း အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၅၀၁၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ (၃၀)ဦးရှိခဲ့တယ်။ ၂၀၁၈ ဇန်နဝါရီလကနေ  နိုဝင်ဘာအထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၃၁၉၆၄ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

အရှေ့တောင်အာရှဒေသအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုဟာ အခုနှစ်တွေမှာ သိသိ သာသာကျဆင်းလာပေမယ့်  ပြည်သူ့ကျန်းမာရေးပြဿနာတရပ်အဖြစ် ဆက်လက် ရပ်တည်နေ ပါတယ်။

မြန်မာနိုင်ငံမှာ “အမျိုးသားအဆင့် ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ငှက်ဖျားရောဂါကင်းဝေစေရေး နည်းလမ်းတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့  အမျိုးသားအဆင့် မဟာဗျူဟာ ၂၀၁၆-၂၀၂၀ကို အစိုးရက ရေးဆွဲချမှတ် ဆောင်ရွက်နေပါတယ်။

အလားတူ ရောဂါပိုးကတဆင့် ကူးစက်တတ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ ဦးရေဟာ ၂၀၁၇ခုနှစ်မှာ ၄၀၄ ဦးရှိခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာ ရောဂါဖြစ်ပွားမှု ၁၀၇ ဦးပဲ ရှိခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ အခုအခါ ကမ္ဘာတ၀န်းမှာ သိသိသာသာမြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက  ဖြစ်ပွားသူ ၃၁၂၈၈ ဦးနဲ့ သေဆုံးသူ ၁၉၂ ဦးရှိခဲ့ပါတယ်။

ဓာတ်ပုံ-ကျန်းမာရေးဌာန

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013