DVB Logo
Home
မြန်မာသတင်း
မြန်မာမိသားစုဝင် ၄ ဦးအသတ်ခံရမှု ထိုင်းရဲတပ်ဖွဲ့ အပူတပြင်းလိုက်လံစုံစမ်းစစ်ဆေးနေ
DVB
·
December 18, 2018
မြန်မာမိသားစုဝင် ၄ ဦးအသတ်ခံရမှု ထိုင်းရဲတပ်ဖွဲ့ အပူတပြင်းလိုက်လံစုံစမ်းစစ်ဆေးနေ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ မြန်မာမိသားစုကို သတ်ပြီးထွက်ပြေးသွားတယ်လို့ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိဖို့ ထိုင်းရဲတပ်ဖွဲ့က အပူတပြင်းလိုက်လံ ရှာဖွေ စုံစမ်း စစ်ဆေးနေပါတယ်။

ဒီဇင်ဘာ ၁၆ရက်က တာခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်တောင်ကျေးနယ်၊ အမှတ် ၁ ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ကလေး ၂ ဦးအပါအ၀င်   မြန်မာမိသားစုဝင် ၄ ဦး ရက်ရက်စက်စက် အသတ်ခံ ခဲ့ရတာပါ။

အဆိုပါရပ်ကွက်ရှိ ထိုင်းနိုင်ငံသားပိုင်ခြံထဲမှာ တဲအိမ်နှစ်လုံးနဲ့ မြန်မာမိသားစု ၂ စု နေထိုင် ကြပြီး ခြံထဲမှာတော့  ခြံပိုင်ရှင်ထိုင်းက ဆိတ်၊ ၀က်နဲ့ ဘဲတွေ မွေးမြူထားပါတယ်။

အခင်းမဖြစ်ပွားခင်ရက်က ခြံထဲမှာ ဘဲပျောက်ခဲ့တာနဲ့ ပတ်သက်လို့ ကိုဖိုးသာအောင် မိသားစုက ခြံပိုင်ရှင်ထိုင်းလူမျိုးထံ ဖုန်းဆက်တိုင်ကြားခဲ့တဲ့အတွက် အရွှေဆိုသူနဲ့ ကိုဖိုးသာအောင် တို့ မိသားစု အချင်းများကြပြီးနောက် လူသတ်မှုဖြစ်ပွားခဲ့တာလို့ အနီး ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

ခြံဝင်းထဲမှာ တဲနှစ်လုံးရှိတဲ့အနက် တဲတလုံးမှာနေထိုင်တဲ့ ကိုဖိုးသာအောင်တို့ မိသားစုလိုက် သေဆုံးခဲ့ပြီး ကျန်တဲ့တဲမှာ နေထိုင်ကြတဲ့ ရခိုင်သား အရွှေ အပါအ၀င်သုံးဦးကတော့ ထွက်ပြေး တိမ်းရှောင်နေလို့ သူတို့ ၃ဦးကို ထိုင်းရဲက လူသတ်မှု သံသယနဲ့ လိုက်လံရှာဖွေနေပါတယ်။

သေဆုံးသွားသူတွေကတော့ ကိုဖိုးသာအောင် အသက် ၄၆ နှစ်၊  ဇနီးမခင်လှ အသက် ၄၆ နှစ်၊ သားကြီး စောပေါ့ အသက်၎ နှစ်နဲ့ သားအငယ်ဆုံးဖြစ်တဲ့ အောင်သူစိုး  အသက် ၄ လသားတို့ ဖြစ်ကြပါတယ်။

အသက် ၁၉ နှစ်အရွယ် သမီးကြီးဖြစ်သူကတော့ အခင်းဖြစ်တဲ့ညက သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်မှာ သွားအိပ်နေတဲ့အတွက်  အသက်ဘေးက လွတ်မြောက်သွားပါတယ်။

သေဆုံးသွားတဲ့ မိသားစု ၄ ဦးရဲ့ ရုပ်အလောင်းကို မဲဆောက်ဆေးရုံမှာ စစ်ဆေးပြီး မယ်တောင်ကျေးရွာရှိ ထပ်ဆိုင်လွပ်ဘုန်းတော်ကြီး ကျောင်းမှာ ပြန်လည်ထားရှိ မှာဖြစ်ပါတယ်။

တရားခံလို့ သံသယရှိနေတဲ့  အရွှေ အပါအ၀င် ၃ ဦးဟာ မြန်မာပြည်ဘက် ထွက်ပြေး သွားတယ်လို့ သတင်းရထားလို့  ကူညီဖမ်းဆီးပေးဖို့အတွက် ထိုင်းရဲတပ်ဖွဲ့က မြန်မာရဲတပ်ဖွဲ့ကို အကူညီတောင်းခံ ထားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းဒုရဲချုပ်ကိုယ်တိုင် မဲဆောက်ကိုသွားရောက်ပြီး ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့  အမှုစုံစမ်း ဖော်ထုတ် ဆောင်ရွက်နေတာတွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။

မဲဆောက်ရဲတပ်ဖွဲ့ကတော့ လူသတ်မှုမှာ အဓိက သံသယရှိသူဟာ အရွှေဖြစ်ပြီး ကျန် နှစ်ယောက်ကတော့ သူ့သူငယ်ချင်းတွေဖြစ်တယ် အားလုံးဟာ သေဆုံးသွားသူနဲ့ သိရှိတယ်လို့ ယုံကြည်ရတယ်လို့ ပြောပါတယ်။

လူသတ်မှုဖြစ်ပြီးနောက် အဆိုပါ ၃ ဦးဟာ ထွက်ပြေးလွတ်မြောက်သွားပြီး ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအောက်မှာ ပုန်းခိုခဲ့ပုံရတယ်လို့လည်း ထိုင်းရဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ သမီးဖြစ်သူကတော့ သူ့မိသားစုကို အိမ်နီးနားချင်းတွေက သတ်ပစ်တာလို့ပြောတဲ့အကြောင်း၊ အခင်းမဖြစ်ပွားခင်မှာ မိခင်ဖြစ်သူက သူ့ကို အိမ်ပြန်လာဖို့ ခေါ်ခဲ့တဲ့အကြောင်း၊ ပြန်လာချိန်မှာ မိသားစုဝင် ၄ ဦးစလုံး သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

သတင်း - ဖိုးစီ

ဓာတ်ပုံ- Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013