DVB Logo
Home
မြန်မာသတင်း
ကချင်လူငယ် ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် ငွေဒဏ်ချမှတ်
DVB
·
December 18, 2018
ကချင်လူငယ် ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် ငွေဒဏ်ချမှတ်
Donate to DVB

ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉နဲ့ တရားစွဲဆိုခံထားတဲ့ ကချင်လူငယ် ဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နဲ့ ကိုဆိုင်ခွန်အောင်တို့ကို ဒီကနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

မဆွတ်ဆိုင်းထွယ်ကို ဒီနှစ်ထဲမှာ ပုဒ်မ ၁၉ နဲ့ အမှုကျူးလွန်တာ  နှစ်ကြိမ်ရှိတာကြောင့် တရားရုံးက ငွေဒဏ် ၁ သိန်းချမှတ်ခဲ့ပြီး ကိုဆိုင်းခွန်အောင်နဲ့ ကိုဘရန်မိုင်တို့ကိုတော့ ကျပ် ၃၀,၀၀၀ စီ ချမှတ်ခဲ့တာပါ။

ငွေဒဏ်တသိန်းချမှတ်ခံရတဲ့ မဆွတ်ဆိုင်းထွယ်က “ဥပဒေ လုပ်ထုံးလုပ်နည်းအရ ပုဒ်မ ၁ ခုကိုပဲ ၂ ကြိမ် ကျူးလွန်တယ်ဆိုလို့ရှိရင်ကတော့ တသိန်းထက်မပိုသော ဒဏ်ငွေပါတယ်။ အဲဒါကြောင့်မို့လို ကျမက ဒီနှစ်ထဲမှာပဲ  ပုဒ်မ ၁၉ နဲ့ နှစ်ကြိမ်ရှိပြီဖြစ်တဲ့အတွက်ကြောင့် ဒဏ်ငွေ တသိန်းပေးဆောင်ရခြင်းပါ။ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးကတော့ ပုဒ်မ ၁၉ နဲ့ ပထမဆုံးအကြိမ်ဆိုတော့ ဒဏ်ငွေ သုံးသောင်းနဲ့ပဲ ပြီးသွားတာပါရှင်။ ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်က ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူတို့ကို မြို့နယ်တရားရုံးက တပ်​မ​တော်​ကို အ​သေ​ရေပျက်​​စေမှု​နဲ့  ​ငွေဒဏ် ၅ သိန်းနဲ့ ထောင်​ဒဏ်​ ၆ လ ချမှတ်​လိုက်​တဲ့အ​ပေါ် မကျေနပ်လို့ အဆိုပါ ကချင်လူငယ် သုံးဦးက တရားရုံးမှ မနောင်ကွင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ခံခဲ့ရတာပါ။

ဒီလိုလမ်းလျောက်ဆန္ဒပြလို့ ပြစ်ဒဏ်ကျခံရတာဟာ နိုင်သားတယောက်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရတာဖြစ်တယ်လို့  မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

“ဖွဲ့စည်းပုံမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးထဲမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ဒါပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းအရ အကြောင်းကြားစာ ခွင့်ပြုမိန့်တင်ရမယ်ဆိုပြီးတော့ အဆင့်ဆင့်တွေ ရှိနေတယ်။ တခုခုကျမတို့တွေ ဆန္ဒထုတ်ဖော်တော့မယ်ဆိုလို့ရှိရင် ဌာနဆိုင်ရာမှာ ကျမတို့တွေ အော်မယ့်၊ ကိုင်ဆောင်မယ့် စာသားတွေ အကုန်လုံးကိုတင်ပြရတယ်။ တင်ပြပြီး သူတို့ခွင့်ပြုတဲ့ဟာမှ သုံးခွင့်ရှိတဲ့ အနေအထားတခုဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ နိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆို စုဝေးခွင့်ဆိုတဲ့ ဟာကြီးက လွတ်လပ်စွာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းအောက်မှာ ကန့်သတ်ထားတဲ့ အကန့်အသတ်နဲ့ရရှိတဲ့ လူ့အခွင့်အရေးပဲ ဖြစ်နေတယ်။ ”

ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်ခံထားရတဲ့ ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ နောက်ထပ် ကချင်လူငယ် ၃ ဦးအမှုကို လည်းပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံတကာ ကချင်ကွန်ဂရက်က မနေ့က နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာရေးသားတောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Kachin Youth Movement

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013