
တရုတ်နိုင်ငံကို နွားတင်ပို့ရာကနေ မကွေးတိုင်းအစိုးရက ရန်ပုံငွေအဖြစ် ကြားကာလဖြစ်တဲ့ ဧပြီကနေ စက်တင်ဘာလကုန်အထိ ရန်ပုံငွေကျပ်သိန်း ၁၀၀၀ ရရှိခဲ့တယ်လို့ မကွေးတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
အခုဘဏ္ဍာနှစ် မကွေးတိုင်းက နွားအကောင်ရေ ၃၅,ဝ၀၀ ကျော်တင်ပို့ခွင့်ရထားရာမှာ နွားအကောင်ရေ ၂၅,ဝ၀၀ ကျော်အထိတင်ပို့ထားပြီး ထပ်ပို့ဖို့ တသောင်းကျော် ကျန်ရှိနေသေးတယ်လို့ တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးဦးက ပြောပါတယ်။
မကွေးတိုင်းအစိုးရက ရန်ပုံငွေအဖြစ် နွားတကောင် ကျပ် ၅၀၀၀၊ ဆိတ်တကောင် ကျပ် ၅၀၀၊ ဝက်တကောင် ကျပ် ၁၀၀၀ ကောက်ခံနေတာပါ။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပတင်ပို့ဖို့ မကွေးခရိုင်အတွင်းရှိ ကုမ္ပဏီ ၁၆၅ ခုမှ နွားကောင်ရေ ၆၃၀၀၊ မင်းဘူးခရိုင်အတွင်းရှိ ကုမ္ပဏီ ၁၆ ခုက နွားကောင်ရေ ၆၀၀၊ သရက်ခရိုင်အတွင်းရှိ ကုမ္ပဏီ ၄၈ ခုက အကောင်ရေ ၁၆၀၀၊ ပခုက္ကူခရိုင်အတွင်းရှိ ကုမ္ပဏီ ၅၁ ခုက နွားကောင်ရေ ၂၅၀၀ တင်ပို့ဖို့ ကျန်သေးတယ်လို့ တိုင်းဦးစီးဌာနက တာဝန်ရှိသူက ဆိုပါတယ်။
ကိုလင်း(ချောက်)











