DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်ဘေးရှောင် ထွက်ပြေးလာသူ ၃၄၀ ခန့် ရှိလာ
DVB
·
December 17, 2018
ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်ဘေးရှောင် ထွက်ပြေးလာသူ ၃၄၀ ခန့် ရှိလာ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အေအေတို့ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၃၇ ဦးထိရှိ လာနေပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကိုပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျောက်ဆည်တောင် ကျေးရွာ၊ ဖက်ဝပ်ချောင်းကျေးရွာ၊ သဗြုချောင်းကျေးရွာတွေက စစ်ဘေးရှောင်ဒုက္ခသည် ၃၃၇ ကျော် အထက် သင်းပုန်းတန်းကျေးရွာကို ရောက်ရှိလာတယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ဒီဗွီဘီကို ပြောပါတယ်။

“အခုရောက်ရှိနေတဲ့ ဒုက္ခသည် ၃၃၇ ယောက်အတွက်စောင်ရယ်၊ မိုးကာတွေ၊ ပြီးလို့ရှိရင် အနွေးအထည် အင်္ကျီတွေလိုပါတယ်။ မြစ်ကမ်းနားဘေးက သဲသောင်ပြင် တောဖျားချောင်းနားဘေးမှာ တဲထိုးပြီးတော့ နေကြပါတယ်။ အောက်က မိုးကာခင်းပြီးတော့ နေကြတဲ့သူတွေရှိတယ်။ ဝါးခင်းပြီးနေကြတဲ့သူတွေလည်း ရှိပါတယ်။ အဲ့လို အနေအထားမျိုးနဲ့နေရတယ်ဆိုတော့ သူတို့ ကာလကြာရှည်လို့ရှိရင် ကျန်းမာရေးတွေ ထိခိုက်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။”

ကျောက်ဆည်တောင်ကျေးရွာက အိမ်ထောင်စု ၃၉စု၊ ဖက်ဝပ်ချောင်းကျေးရွာက အိမ်ထောင်စု ၁၀စု၊ သဗြုချောင်းကျေးရွာက အိမ်ထောင်စု ၉စုဟာ အထက်သင်းပုန်း တန်းကျေးရွာကို ရောက်ရှိခိုလှုံနေကြပြီး စားနပ် ရိက္ခာ အရေးတကြီးလိုနေတယ်လို့  စစ်ဘေးရှောင်ထွက်ပြေးလာကြသူတွေကပြောပါတယ်။

တိုက်ပွဲကြောင့် ကျောက်ဆည်တောင်ကျေးရွာက ထွက်ပြေးလာတဲ့အုပ်ချုပ်ရေးမှူးက” အခုလောလော ဆယ်ကတော့ ကျနော်တို့ အတွက် စားနဲ့ ရိက္ခာတွေအရေးတကြီးလိုနေပါတယ်။ ပြီးတော့ စောင်တွေ၊ တာလက်ပတ်ချာတွေလိုအပ်နေပါတယ်။”လို့ပြောပါတယ်။

သင်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းက ”သူတို့ကစစ်ပွဲတွေကြောင့် ကြောက်ပြီးပြေးလားကြတာပါ။ သူတို့အခက်အခဲတွေကတော့ စားဝတ်နေရေး လုံးဝ အဆင်မပြေဘူး”လို့ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြောလာတဲ့ အထဲမှာ KG တန်းကနေ ၈ တန်းအထိ ကျောင်းသူ ကျောင်းသား၁၁၂ ဦးရှိပြီး သူတို့တွေအတွက် ကျောင်းသုံး စာရေးကိရိယာတွေလိုအပ်နေတယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ဒီဗွီဘီကိုပြောပါတယ်။

တပ်မတော်နဲ့ အေအေတို့ နိုဝင်ဘာလကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၆ ရက်က ရသေ့တောင်မြို့နယ်၊ သောင်ဒရားကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမကျေးရွာနဲ့ ကျွန်းသာယာကျေးရွာ အကြား မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် (အေအ)သတင်းထုတ်ပြန်ပါတယ်။

ထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်တွေ လတ်တလော အဆင်ပြေနိုင်ဖို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့နဲ့ ရခိုင် အမျိုးသားပါတီတို့က  စားနပ်ရိက္ခာအချို့ကို ထောက်ပံ့ပေးခဲ့ပေမယ့် ရေရှည်အတွက် မလွယ်ကူလှဘူးလို့ သင်္ဂဟကမ်းလက်ရက္ခိတ အဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ- အမ်းသားကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013