DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာမိသားစုဝင် ၄ ဦး အသတ်ခံရ၊ လူသတ်သမားထွက်ပြေးလွတ်မြောက်နေ
DVB
·
December 17, 2018
မဲဆောက်တွင် မြန်မာမိသားစုဝင် ၄ ဦး အသတ်ခံရ၊ လူသတ်သမားထွက်ပြေးလွတ်မြောက်နေ
1 / 7
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မနေ့က မြန်မာမိသားစုတစု တောင်ယာတဲထဲ အိပ်ပျော်စဉ် လူသတ်သမားက မိသားစုဝင် ၄ ယောက်လုံးကို ရိုက်သတ်သွားခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်က မဲဆောက်မြို့၊ ထာ့ဆိုင်လုတ်ရပ်ကွက်မှာ လူသတ်မှုဖြစ်တယ်လို့ သတင်းရတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မဲဆောက်ဆေးရုံကြီး ဆရာဝန်နဲ့ မှုခင်းရဲတပ်ဖွဲ့တို့နဲ့အတူ အခင်းဖြစ်ရာ မဲဆောက်-တာ့ခ်သွား ကားလမ်းမဘေးရှိ လယ်ကွင်းထဲက အိမ်တအိမ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတာပါ။

စစ်ဆေးရာမှာ ဦးခေါင်းနဲ့ မျက်နှာတွေမှာ မာကျောတဲ့အရာနဲ့ ထုရိုက်ခံထားရပြီး ခေါင်းကွဲနေတဲ့  လူကြီးအလောင်း ၂ လောင်းနဲ့ ကလေးအလောင်း ၂ လောင်းကို တွေ့ရတယ်လို့ မဲဆောက်မြို့နယ် ရဲစခန်းက သတင်းထောက်ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၅  နှစ်ရွယ်ရှိ ဦးအဒေါနဲ့ မခင်လှတို့ ဇနီးမောင်နှံနဲ့ ၄ နှစ်အရွယ် သားကြီးနဲ့  ၄ လသားအရွယ် သားငယ်လေးတို့ဖြစ်ကြပြီး လူသတ်သမားဟာ မနေ့ညက လူတွေ အိပ်မောကျနေချိန် အခွင့်ကောင်းယူကာ လာရောက်ရိုက်သတ်သွားတာလို့ ရဲက ပြောပါတယ်။

ပတ်ဝန်းကျင်ကလူတွေ ပြောပြချက်အရ အခင်းဖြစ်ချိန်မတိုင်ခင်က ဦးအဒေါရဲ့ အိမ်နီးချင်းဖြစ်သူ ဦးဆွေနဲ့အပေါင်းအသင်းတွေဟာ အရက်ဝိုင်းဖွဲ့ပြီး ဆူညံနေတဲ့အတွက်  ဦးအဒေါက သူ့ဇနီးမှာ ကလေးမွေးဖွားပြီးကာစမို့ ဆူဆူညံညံမလုပ်ဖို့ ပြောဆိုရာက အချင်းများခဲ့ကြကြောင်း၊ ရန်ဖြစ်စဉ်က ဦးဆွေမှာ ဦးအဒေါကို သတ်မယ်ဆိုပြီးခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

လောလောဆယ် ဦးဆွေနဲ့ သူ့အဖော်တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်နေလို့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင်မှာ အပူတပြင်းလိုက်လံရှာဖွေနေပါတယ်။ ဆိုပါနေရာဟာ မြန်မာနယ်စပ်လည်းဖြစ်တဲ့အတွက် မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားနိုင်လို့ ကူညီရှာဖွေ ဖမ်းဆီးဖို့ မြန်မာရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားထားတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ - mgronline

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013