DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အားလုံး နုတ်ထွက်
DVB
·
September 7, 2012
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အားလုံး နုတ်ထွက်
Donate to DVB

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ ခုံရုံးအဖွဲ့ဝင်တွေကို ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပေးတယ်လို့ သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၆ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေမှာ ဖွဲ့ထားတဲ့ ကော်မတီတွေ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ခုံရုံးက ဆုံးဖြတ်ရပ်တည်တဲ့ အတွက် လွှတ်တော်တွေနဲ့ ခုံရုံးအကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူမှန်တယ် ကိုယ်မှန်တယ် အငြင်းပွားခဲ့ပြီးတဲ့နောက် ခုံရုံးအဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ လွှတ်တော်တွေက တောင်းဆိုခဲ့ကြအပြီး ဒီအမိန့်ထွက်ပေါ်ခဲ့တာပါ။

အခုနုတ်ထွက်ခွင့်ပြုလိုက်သူတွေကတော့ ခုံရုံးဥက္ကဋ္ဌအပါအ၀င် ၉ ဦးစလုံး ဖြစ်ပါတယ်။

သူတို့တွေကတော့ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်နဲ့ ဒေါ်မိမိရီတို့ ဖြစ်ပါတယ်။

ခုံရုံးအဖွဲ့ဝင် ၉ ဦးကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က ၃ ဦးစီကို လွှတ်တော် ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ရွေးချယ်ပါတယ်။ ဒီနောက် သမ္မတက ဥက္ကဋ္ဌ ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုချက်ရယူပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ခုံရုံးရဲ့တာဝန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနဲ့ ပြည်နယ်လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ဥပဒေတွေနဲ့  ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေရဲ့ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ မညီ စီစစ်ရမယ့်လုပ်ငန်းတာဝန် ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနဲ့ ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းရင်းသားဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ကြားနာဆုံးဖြတ်ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းတဲ့ အခြားတာဝန်တွေကို ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အခု ခုံရုံးအဖွဲ့ဝင် ၉ ဦး လစ်လပ်သွားတဲ့အတွက် ခုံရုံးဟာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ပြန်လည်ခန့်အပ်ရမှာဖြစ်ပါတယ်။ စတုတ္ထအကြိမ် လွှတ်တော်အသီးသီးကတော့ စက်တင်ဘာ ၇ ရက်နေ့မှာ အဆုံးသတ်တာကြောင့် နောက်တကြိမ် လွှတ်တော် အစည်းအဝေးတွေကို အောက်တိုဘာ လလယ်ပိုင်းမှာ ကျင်းပနိုင်မှာကြောင့် ခုံရုံးအဖွဲ့ဝင်သစ်တွေဟာလည်း အဲဒီကာလကျမှ ထပ်မံဖွဲ့နိုင်ဖွယ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013