DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေပြန်စွန့်လွှတ်ရေး ပြည်နယ်နှင့်တိုင်းအစိုးရများ လက်ရှောင်နေဟု သမ္မတပြော
DVB
·
December 16, 2018
သိမ်းဆည်းမြေပြန်စွန့်လွှတ်ရေး ပြည်နယ်နှင့်တိုင်းအစိုးရများ လက်ရှောင်နေဟု သမ္မတပြော
Donate to DVB

မွန်ပြည်နယ်အပါအ၀င် ပြည်နယ်နဲ့တိုင်းဒေသကြီးအများစုက သိမ်းဆည်းခံ လယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ဖို့ ပြည်နယ်နဲ့တိုင်းအစိုးရတွေက လက်ရှောင်နေကြတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မွန်ပြည်နယ်ခရီးစဉ်အတွင်း မဏ္ဍိုင်(၃) ရပ်တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒအတိုင်း လယ်စစ်တွေက ဆုံးဖြတ်ပြီး ပြည်နယ်၊ တိုင်းအစိုးရက ပြန်စွန့်လွှတ်ဖို့ ဗဟိုလယ်စစ်ကော်မတီကိုပို့ရမယ်။ ပြည်နယ်၊ တိုင်းအစိုးရ ကော်မတီရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြတ်ပြတ်သားသားပို့ရမယ်။ လယ်စစ်တွေက စစ်ပြီးတော့ ပြည်နယ်၊ တိုင်းအစိုးရက ဘာလုပ်လဲဆိုရင် လက်ရှောင်တယ်။ ကျနော်မကြိုက်ဘူး။ ကျနော်ပွင့်ပွင့်လင်းလင်းပြောမယ်။ ဘယ်လိုလက်ရှောင်လဲဆိုရင် အပေါ်ကိုတင်ပြပါမည်၊ တင်ပြပါမည်နဲ့ ဘာလုပ်တာလဲ။ ပြည်နယ်၊ တိုင်းအစိုးရရဲ့သဘောကို ခတ်ပြတ်ပြတ်ပြောပါ။ လယ်စစ်တွေရဲ့ ဆုံးဖြတ်ချက်ကဆင့် မူဝါဒနဲ့ ကိုက်ညီရင် (လယ်ယာမြေတွေကို) ပြန်ပေးမယ်။ မကိုက်ညီရင် မပေးဘူး၊ ရှင်းရှင်းလေး။ မပေးရင်လည်း လျော်ကြေးသီးသန့်ပြန်ပေး။ အဲ့ဒါကို ပြည်နယ်၊ တိုင်းအစိုးရရဲ့ သဘောထားမပါတော့ ချာလပတ်ကို လည်နေရော” လို့ပြောပါတယ်။

သိမ်းဆည်းခံလယ်ယာမြေတွေကို ပြည်နယ်၊ တိုင်းအစိုးရအနေနဲ့ ပြန်လည်စွန့်လွှတ်ပေးရမယ့်အစား ကိုယ့်ပစ္စည်းလိုမျိုး ပြန်လည်သိမ်းဆည်းနေပြီး နိုင်ငံတော်အစိုးရရဲ့မူဝါဒကို ပြန်ဖျက်ဆီးနေတယ်လို့ သမ္မတက ဆက်ပြောပါတယ်။

“ဥပဒေမဲ့ သိမ်းဆည်းခဲ့တာတွေကို နိုင်ငံတော်အစိုးရက မူဝါဒချပြီး ပြန်ပေးတဲ့အစိုးရ၊ ပြန်ပေးတဲ့အဖွဲ့ပါ။ အဲ့ဒါကို ပြည်နယ်၊ တိုင်းအစိုးရတွေက ဟိုဟာ၊ ဒီဟာ လုပ်ချင်လို့ ပြန်မပေးဘူး။ တချို့ပြည်နယ်ထောင်စုအဆင့် ၀န်ကြီးဌာနတွေလည်း ပါပါတယ်။ ကိုယ့်ပစ္စည်းကျနေတာပဲ။ ကိုယ်ဒီအလုပ်က နုတ်ထွက်ရင် ကိုယ်ရမှာ ကျနေတာပဲ။ ကိုယ့်ရဲ့ အမွေခံကျနေတာပဲ။ အဲ့တော့ ၀န်ကြီးဌာနတွေပဲဖြစ်ဖြစ်၊ ပြည်နယ်တိုင်းအစိုးရပဲဖြစ်ဖြစ် ပြန်သိမ်းတာပေါ့။ ပြန်ပေးတဲ့ အဖွဲ့မဟုတ်ဘဲ ပြန်သိမ်းတဲ့အဖွဲ့ဖြစ်နေတယ်။ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျနော်တခါတည်း ရှင်းရှင်းပြောခဲ့မယ်၊ ပြန်စိစစ်ပါ။ ကိုယ့်နိုင်ငံတော်အစိုးရရဲ့ မူဝါဒကို ကိုယ့်ပြည်နယ်၊ တိုင်းအစိုးရတွေက ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်နေတယ်။ မွန်ပြည်နယ်မှာလည်းရှိတယ်။ ကျနော့်ကိုတိုင်ထားတယ်။ ကျနော်တည့်တည့်ပဲပြောမယ်။ ကိုယ့်နိုင်ငံတော်အစိုးရမူဝါဒကို ပြန်မဖျက်ပါနဲ့။ ကိုယ်လုပ်ချင်တာကို တခြားနေရာ ရှာရင်ရှာပါ။”

သမ္မတရဲ့မွန်ပြည်နယ်ခရီးစဉ်အတွင်း ချောင်းဆုံမြို့နယ်မှလွဲပြီး ကျန်မြို့နယ် (၉) ခုက ဒေသခံတွေက တိုင်စာ (၇၇) စောင်အထိ လာရောက်ပေးပို့ခဲ့ကြပြီး တိုင်စာအများစုမှာ မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေဖြစ်တယ်လို့ တိုင်စာလာရောက်ပေးပို့ခဲ့သူတွေက ပြောပါတယ်။

မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှာ ၁၉၉၃-၁၉၉၄၊ ၁၉၉၅-၁၉၉၆ ခုနှစ်က စစ်အစိုးရ သိမ်းယူထားတဲ့ လယ်ယာမြေဧက ထောင်ချီကို ၃၂၅ ဧကသာ ပြန်လည်စွန့်လွှတ်ပြီး အဆင့်ဆင့်လွှဲပြောင်းကာ ကုမ္ပဏီပိုင်တွေဖြစ်လာတယ်လို့ တိုင်စာလာရောက်ပေးပို့ခဲ့တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ဝင် နော်အေးအေးကြိုင်က ပြောပါတယ်။

ဒါ့အပြင် ပေါင်မြို့နယ်မှာလည်း မြေဧက ၁၀၀ ကျော်ကို အောက်ခြေ၀န်ထမ်းတွေက သိမ်းယူထားပြီး လက်ရှိမှာ တောင်သူလယ်သမားတွေဟာ လယ်ယာမြေများ သိမ်းဆည်းခံရရုံတင်မက တရားလည်း စွဲခံနေရတယ်လို့ ဆိုပါတ်ယ။

လက်ရှိမှာလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ (ဘာဘူကုန်းကွင်း) အလယ်တောင်နဲ့ ခရုံဂူကြားတွင် မွန်ပြည်နယ်အစိုးရ အကောင်အထည်ဖော်နေတဲ့ အုန်းမွှေးစိုက်ပျိုးရေးစီမံကိန်းမြေနေရာဟာ အရင်စစ်အစိုးရလက်ထက် ၁၉၉၄-၁၉၉၅ ခုနှစ်က သိမ်းဆည်းခံထားရတဲ့ မြေဧက ထောင်ချီထဲက မြေတချို့ဖြစ်ကာ မူလပိုင်ရှင်တွေက ပြန်လည်စွန့်လွှတ်ပေးဖို့ ဆန္ဒရှိပေမယ့်လည်း အဲ့ဒီမြေတွေဟာ လက်ရှိအစိုးရ သိမ်းဆည်းထားတာမဟုတ်ဘဲ မြေလွတ်မြေလပ်ဥပဒေအရ ထွန်ယက်စိုက်ပျိုးခြင်းမရှိတဲ့ လယ်ယာမြေတွေကို စီမံခန့်ခွဲတာသာဖြစ်တယ်လို့ ပြန်လည်ပြောကြားထားပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013