DVB Logo
Home
မြန်မာသတင်း
သမ္မတ မွန်ခရီးစဉ်အတွင်း တိုင်စာ ၇၇ စောင်ပေးအပ်၊ မြေယာပြဿနာ အများဆုံးဖြစ်
DVB
·
December 15, 2018
သမ္မတ မွန်ခရီးစဉ်အတွင်း တိုင်စာ ၇၇ စောင်ပေးအပ်၊ မြေယာပြဿနာ အများဆုံးဖြစ်
Donate to DVB

သမ္မတဦးဝင်းမြင့်ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း ပြည်သူတွေက တိုင်စာ ၇၇ စောင်ပေးအပ်ခဲ့ပြီး  မြေယာပြဿနာက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ မွန်ပြည်နယ်အတွင်းက အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင်စတဲ့ မဏ္ဍိုင် ၃ ရပ် တွေ့ဆုံပွဲကို မနေ့က လာရောက်ခဲ့တာဖြစ်ပါတယ်။

တိုင်စာတွေမှာ မြေယာပြဿနာတွေ အများစုပါဝင်ပြီး ဒေသခံတွေ ထိခိုက်နစ်နာနေတဲ့ ကျောက်မိုင်းပြဿနာတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ အဂတိလိုက်စားမှုအတွက် တိုင်ကြားတဲ့ စာတွေ ပါဝင်တယ်လို့ တိုင်ကြားစာပေးပို့သူတွေက ပြောပါတယ်။

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိတဲ့အနက် ချောင်းဆုံကလွဲပြီး မော်လမြိုင်က ၂၅ စောင်၊ ပေါင်က ၂၄ စောင်၊ သံဖြူဇရပ် နဲ့ ဘီးလင်းမြို့နယ်တို့က ၆ စောင်စီ၊ သထုံက ၅ စောင်၊ ကျိုက်ထို ၃ စောင်၊ မုဒုံ၊ ရေးနဲ့ ကျိုက်မရောမြို့နယ်တို့မှ ၂ စောင်စီ လက်ခံရရှိခဲ့ပြီး ရန်ကုန် နဲ့ မုံရွာမြို့တို့မှ ၁ စောင်စီ လက်ခံရရှိခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး) က ပြောပါတယ်။

ပြည်သူတွေရဲ့တိုင်စာ လက်ခံရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ တိုင်ကြားစာ လာရောက်ပေးပို့ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနိုင်နိုင်အောင်က ပြောပါတယ်။

“တိုင်စာလက်ခံတဲ့ ဌာနက ဘယ်နေရာမှာပါ။ ကျနော်တို့အစိုးရအဖွဲ့က ဘယ်လိုစီစဉ်ထားပါတယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး။ တိုင်စာလက်ခံတာကို နဂိုကတည်းက မဲရွေးတဲ့ပုံးနဲ့ထားထားရမှာ။ အခုမှ ကောက်ကာငင်ကာနဲ့လုပ်တာ” လို့ ပြောပါတယ်။

တိုင်စာများကို လက်ခံရာမှာ နှစ်ဖက်နားလည်မှုလွဲတာဖြစ်ပြီး တိုင်စာ ၇၇ စောင်လုံးကို သမ္မတရုံးကို အဲ့ဒီနေ့မှာ အပြီးလွှဲပြောင်းပေးခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး) မှ စီမံခန့်ခွဲမှု (၁) ဦးချစ်မင်းဦးက ပြောပါတယ်။

“တိုင်စာလက်ခံတာက နားလည်မှုလွဲသွားတာပါ။ ပထမဦးဆုံး သမ္မတကြီးရဲ့ဝင်ပေါက်၊ ဌာနဆိုင်ရာတွေရဲ့ဝင်ပေါက်မှာ လက်ခံဖို့ ဖွင့်ထားတယ်။ နောက်ပိုင်းကျတော့ လည်ဆွဲကတ်မပါရင် ၀င်လို့မရဘူးလို့ပြောတော့ တိုင်တဲ့လူက အထဲဝင်လို့မရဘူး။ ကျနော်တို့က အဲ့ဒါကို သိသွားမှ အပြင်မှာ စီစဉ်လိုက်ရတာပါ။ အရင်က ဌာနဆိုင်ရာတွေ လက်မှတ်ထိုးတဲ့ ၀င်ပေါက်မှာ စီစဉ်ထားတာပါ” လို့ ပြောပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တို့မှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ အားနည်းချက်တွေ၊ ပြည်သူ့ဝန်ထမ်းတွေ ပြည်သူကို ကိုယ်စားပြုဖို့ အပါအ၀င် မူးယစ်ဆေးဝါးပြဿနာတွေ၊ လယ်ယာမြေပြဿနာတွေ၊ အဂတိလိုက်စားမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လေးစားလိုက်နာသင့်တာတွေကို ပြည်နယ်အစိုးရအဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ပြောကြားခဲ့ပါတယ်။

 

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013