အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်း ဖွင့်လှစ်
DVB
·
December 15, 2018

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့နယ်မှာ အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်းကြီးကို ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။
Chances For Nature German အဖွဲ့ရဲ့ ထောက်ပံ့ငွေနဲ့ FFI သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဆောက်လုပ်ခဲ့တာပါ။
ဒီပညာပေးပြခန်းကို အင်းတော်ကြီး ဇီဝအဝန်းနယ်မြေမှ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေးအစီအစဉ်များနဲ့ သုသေသနဆိုင်ရာ ပြုလုပ်ဖို့ စင်တာတခုအဖြစ် အသုံးပြုသွားမယ်လို့ FFI အာရှပစိဖိတ်ဒါရိုက်တာ Mr Fank Momberg က ပြောပါတယ်။
ပြခန်းအတွင်း အင်းတော်ကြီး ဇီဝမျိုးစုံမျိုးကွဲတွေ၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုတွေ၊ သဘာဝဂေဟစနစ်ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်နဲ့ ထိန်းသိမ်းရေးအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ သစ်တောနဲ့ သယံဇာတတွေကို ရေရှည်အသုံးပြုနိုင်ဖို့ အသိပညာပေး ဆိုင်ရာတွေကို ခင်းကျင်းပြသထားပြီး အခမဲ့လေ့လာကြည့်ရှုနိုင်ပါတယ်။
အင်းတော်ကြီးကန်ဟာ ရေပြင်အကျယ် ၁၀၀ စတုရမ်းမိုင်ရှိပြီး ၂၀၁၇ ခုနှစ်မှာ ယူနက်စကိုမှ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။
မုန်းမုန်းမင်း