DVB Logo
Home
မြန်မာသတင်း
လပွတ္တာ စက်မှုလက်မှုသိပ္ပံကျောင်းတွင် သောက်သုံးရေရှားပါးနေ၍ အခက်အခဲဖြစ်နေ
DVB
·
December 15, 2018
လပွတ္တာ စက်မှုလက်မှုသိပ္ပံကျောင်းတွင် သောက်သုံးရေရှားပါးနေ၍ အခက်အခဲဖြစ်နေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ၃ မိုင်မြို့သစ်နားမှာ ဖွင့်လှစ်ထားတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) မှာ သောက်သုံးရေရှားပါးနေတာကြောင့် ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ကျောင်းသားကျောင်းသူ ၄၅၀ ကျော်၊ ဆရာ ဆရာမ ၄၅ ဦးရှိနေတဲ့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအတွက် သောက်သုံးရေကို အနားမှာရှိတဲ့ ၆၆ ဧက ရေလှောင်ကန်ကနေ ၂ လက်မပိုက်နဲ့ ပို့နေပေမယ့် ရေမရောက်တာကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်လောက်ကစပြီး သောက်သုံးရေပြတ်လပ်နေတာလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရေပြတ်လပ်နေတာကြောင့် အနားမှာရှိတဲ့ ဆိုင်ကယ်တက္ကစီတွေကို လပွတ္တာမြို့က ရေကန်တွေဆီ သွားသယ်ခိုင်းရပြီး သယ်ခအနေနဲ့ ၅ ဂါလံပုံးတလုံးကို ၃၀၀ ကျပ်၊ သောက်ရေဆို တပုံး ၁၀၀၀ ကျပ်ကို ဆရာ ဆရာမတွေ လခထဲက စိုက်ဝယ်နေရတယ်လို့ ဆိုပါတယ်။

အခက်အခဲတွေကို လပွတ္တာခရိုင်က တာဝန်ရှိသူတွေ၊ ခရိုင်စည်ပင်သာယာရေး ဦးစီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ကို တင်ပြထားတာ ၂ နှစ်လောက်ရှိပေမယ့် ထူးခြားမလာဘူးလို့ ကျောင်းက ဆရာ ဆရာမတွေက ပြောပါတယ်။

`ဝန်ထမ်းထဲမှာ မြို့ခံနှစ်ယောက်ပဲရှိတယ်၊ ကျန်တာ နယ်တွေကပါ ရေသုံးဖို့ အခက်အခဲတော်တော်ဖြစ်နေတယ်။ ရေချိုးခန်း၊ အိမ်သာက ဘိုထိုင်တွေဆိုတော့ ပိုဆိုးတယ်။ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှုးကို မေတ္တာရပ်ခံစာတွေပို့တာ ကျောင်းအုပ်ကြီး နှစ်ဆက်ရှိပြီ၊ ဘယ်လိုမှ အဆင်မပြေဘူး။ ခရိုင်ထွေအုပ်က စည်ပင်ကိုပြောတယ်၊ စည်ပင်ကလာမယ်ဆိုပြီး အဲ့ဒီနေ့တော့ ရေလာတယ်၊ တရက်နှစ်ရက်ဆိုလာတယ်၊ သုံးလေးရက်ဆို မလာတော့ဘူး” လို့ လပွတ္တာမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းက ပထမနှစ်နဲ့ ဒုတိယနှစ် အင်္ဂလိပ်စာဆရာ ဦးကျော်ကျော်ဦးက ပြောပါတယ်။

လပွတ္တာမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ ကျောင်းသား ကျောင်းသူတွေအတွက် အိမ်သာအလုံး ၃၀ ရှိပြီး ဆရာ ဆရာမတွေနေထိုင်တဲ့ ဝန်ထမ်းအိမ်ရာမှာတော့ အိမ်သာ ရေချိုးခန်း ၁၂ လုံးရှိကာ သောက်ရေအတွက်လည်း အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

“ဒီထက်ပိုကောင်းတဲ့ ရေပေးဝေမှုစနစ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ သုံးမိုင်ဖွံ့ဖြိုးရေး ရန်ပုံငွေကနေ ရေပိုက်လိုင်းတွေ GTI ကို လိုင်းသွယ်ပေးဖို့ ဆောင်ရွက်နေပါတယ်။ ဒီလကုန် သို့မဟုတ် ဇန်နဝါရီလဆန်းပိုင်းလောက် တင်ဒါခေါ်ပြီး ဆောင်ရွက်မှာပါ။ အခုမနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ရေပေးပါတယ်။ ရှေ့ကဖြတ်ယူတဲ့ သူတွေရှိတာရယ်၊ ကုန်းမြင့်ပေါ် ပြန်တက်ရတဲ့အတွက် ရေကထင်သလောက်မရောက်တာ” လို့ လပွတ္တာခရိုင် စည်ပင်သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွေအနေနဲ့ ကျိုက်လတ်မြို့နဲ့ ဝါးခယ်မမြို့တွေမှာ ဖွင့်လှစ်ထားပြီး လပွတ္တာမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းကိုတော့ ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့က ကျောင်းသားကျောင်းသူအများစု တက်ရောက်နေကြပါတယ်။

နေပြည်တော်၊ မော်လမြိုင်၊ ပဲခူး နဲ့ ရခိုင်ပြည်နယ်ဘက်က ကျောင်းသား ကျောင်းသူတွေလည်း တက်ရောက်ပညာသင်ကြားနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013