DVB Logo
Home
မြန်မာသတင်း
ဖမ်းထားသည့် တပ်ဖွဲ့ဝင်များကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကျောင်းသားတပ်မတော် တောင်းဆို
DVB
·
December 14, 2018
ဖမ်းထားသည့် တပ်ဖွဲ့ဝင်များကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကျောင်းသားတပ်မတော် တောင်းဆို
Donate to DVB

တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတာ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က တောင်းဆိုလိုက်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော် မောင်ဦးနဲ့ ဦးမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို  မိုးညှင်းမြို့နယ် တရားရုံးမှာ မတရားအသင်း အက်ဥပဒေ ၁၇(၁) နဲ့ ဖမ်းဆီးတရားစွဲဆိုတာကို ကန့်ကွက်တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသားတပ်မတော်အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားသလို ၂၀၁၅ ခု အောက်တိုဘာ ၁၂ ရက်နေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၂/၂၀၁၅ အရ မတရားအသင်းမှ ပယ်ဖျက်ခြင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အမှတ် ၃/၂၀၁၅ အရ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ထားပြီး ဖြစ်ပါတယ်။

ဒီလို သဘောတူညီချက် ကတိကဝတ်ပြု ပြဋ္ဌာန်းချက်တွေနဲ့အညီ မိမိတို့အဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်တာကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် သက်ဆိုင်ရာ အစိုးရနဲ့ တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ရဲဘော်သံခဲက “ဒီနေ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ကျနော်တို့အားလုံးဟာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို စွမ်းဆောင်နေကြတဲ့ အဖွဲ့အစည်းတွေမှာ စာချုပ်စာတမ်းတွေ ချုပ်ဆိုခဲ့ကြရပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ စာချုပ် ချုပ်ဆိုထားတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေကို အခုလိုမျိုး မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုတင် စွဲတယ်ဆိုကတည်းကိုက ကတိကဝတ်တွေ၊ ပြဋ္ဌာန်းချက်တွေကို စောင့်ထိန်းမှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ကန့်ကွက်ရခြင်းဖြစ်ပါတယ်။”

ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ရဲစခန်းမှာ တရားစွဲဆိုထားပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တရားရုံး ချိန်းဆိုထားပါတယ်။

ဒီလို အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတဲ့ကိစ္စမှာ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေအကြား ပြန်လည်ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ရဲဘော်သံခဲက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013