ယာဉ်မတော်တဆမှု ၉၃ ရာခိုင်နှုန်းကျော် မောင်းသူစည်းကမ်းပျက်၍ဖြစ်ဟု ပို့ဆက်ဒုဝန်ကြီး ပြော
DVB
·
December 14, 2018

ယာဉ်မတော်တဆမှု ၉၃ ရာခိုင်နှုန်းကျော်ဟာ ယာဉ်မောင်းစည်းကမ်းပျက်မှုကြောင့် ဖြစ်ပွားရတာလို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော်မှာ “တနေ့တခြား များပြားလာတဲ့ ယာဉ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အား အကျိုးပြုမယ့် လူသားအရင်းအမြစ်များ ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် နိုင်ငံတော်အဆင့် အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ဖွဲ့စည်းပြီး ဆောင်ရွက်နေသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးဆောင်ရွက်မှု ရလဒ်ကောင်းများရရှိမှု အားနည်းသည့်အပေါ် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်၊ လိုအပ်ချက်များ ဖြည့်ဆည်းကာ ပိုမိုအရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ပို့ဆက်ဒုဝန်ကြီးက ပြန်လည်ရှင်းလင်းစဉ် ပြောသွားတာ ဖြစ်ပါတယ်။
“ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများကို ခြုံငုံသုံးသပ်ကြည့်ပါက ယာဉ်မောင်းစည်းကမ်းပျက်မှု ၉၃ ဒသမ ၇ ရာခိုင်နှုန်း၊ လမ်းကူးပေါ့ဆမှု ၄ ဒသမ ၇ ရာခိုင်နှုန်း၊ ယာဉ်ချို့ယွင်းမှု ၀ ဒသမ ၁၇၊ ရာသီဥတု ၀ ဒသမ ၀၀ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။”
လူကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှုဟာ ၉၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ကနေ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေတရပ် ထူထောင်ဖို့ ဥပဒေ နည်းဥပဒေတွေ ပြင်ဆင်ရေးဆွဲပြီးဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
အဆိုကို ဝင်ရောက်ဆွေးနွေးသွားကြတဲ့ ကိုယ်စားလှယ်တွေက ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်ပွားနေလို့ အထူးသတိပြု လုပ်ဆောင်ဖို့ ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးတဲ့နောက် အမြန်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ပေးနိုင်ဖို့ လိုအပ်တာကိုလည်း ထောက်ပြဆွေးနွေးကြပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အစိုးရက ပိုမိုအရှိန်မြှင့် လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့အဆိုကို ဝန်ကြီးဌာနကလည်း သဘောတူတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။