DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အောက်ပိုင်းဒေသများ ရေထပ်ကြီးနိုင်
DVB
·
September 6, 2012
Donate to DVB

မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ ရေထပ်ကြီးဖို့ ရှိတာကြောင့် ကြိုတင်ဂရုစိုက် ဆောင်ရွက်ကြဖို့ မိုးလေ၀သဌာန တာဝန်ရှိသူတဦးက သတိပေး ပြောကြားလိုက် ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာပြည် အလယ်ပိုင်းဒေသတွေမှာ မိုးစံချိန်တင်ရွာနေပြီး  ဒီနေ့စပြီး နောက် ၃ ရက်လောက်ထိ မိုးဆက်ရွာနိုင်တယ်လို့ ဆိုပါတယ်။ အလယ်ပိုင်းဒေသ မိုးတွေကြောင့် အောက်ပိုင်းဒေသတွေမှာ ရေထပ်ကြီးနိုင်တဲ့အကြောင်း မိုးလေ၀သဌာနက ဒုတိယညွှန်ကြား ရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အလယ်ပိုင်းက မိုးရေလိုတဲ့နေရာဆိုတော့ သိပ်ဂရုစိုက်စရာမလိုဘူး။ ဂရုစိုက်ရမှာက အောက်ပိုင်းက။ ဧရာဝတီမြစ်ရေအတိုင်း အောက်ဘက်ကို စီးလာရင် အောက်ပိုင်းမှာ ရေကြီးလိမ့်မယ်။ ဟင်္သာတ၊ ဇလွန်၊ ငသိုင်းချောင်း၊ ပဲခူးတိုင်းဘက်က တောင်ငူ၊ မဒေါက်၊ ရွှေကျင် အဲဒီဒေသတွေက မိုးကြီးလိမ့်မယ်။ မိုးကလည်း ရွာမယ်၊ အပေါ်က ဆင်းလာတဲ့ရေကလည်း တက်မယ်ဆိုတော့ ၂ ဆ ဖြစ်လိမ့်မယ်။ အဲဒါတွေအတွက် ကြိုပြီး ဂရုစိုက်ဖို့ လိုပါတယ်လို့ အဲဒီဒေသကလူတွေကို ပြောချင်ပါတယ်။”

လေဖိအားနည်းရပ်ဝန်းကတော့ မုန်တိုင်းငယ် ဖြစ်မလာနိုင်ဘဲ အားပျော့ပျက်ပြယ် သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့မှာ မိုးရေချိန် ၅ လက်မကျော် ရွာသွန်းခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၄၇ နှစ်အတွင်း မြို့ရဲ မိုးရေချိန် စံချိန်သစ် ဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုးကြောင့် ဒေသခံ တောင်သူတွေ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပခုက္ကူမြို့ခံ တောင်သူတဦးက အခုလို ပြောပါတယ်။

“ဒီမိုးက ကျနော်တို့ရွာရဲ့ အရှေ့ဘက်မှာဆို ကုန်းဘက်မှာပဲ၊ နှမ်းစိုက်တယ်လေ။ စိုက်တော့ ရွာတဲ့မိုးက နည်းနည်းနောက်ကျသွားတယ်။ တချို့ဆို အပင်တွေက သက်တမ်းရဲ့ တ၀က်ကျော်နေပြီ။ တကယ်လို့ ၁ ဧကကို ၂၀ ထွက်မယ့်ဟာ အခုလို မိုးနောက်ကျတဲ့အတွက် ၆ တင်း၊ ၇ တင်းလောက်ပဲ ထွက်တော့မယ်။ မိုးက ၁ လလောက် နောက်ကျသွားတယ်။”

လတ်တလောမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းတွေနဲ့ ဆုတ်ခွာနေပြီဖြစ်တဲ့ မုတ်သုံလေကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသ အပါအ၀င် မြန်မာပြည်အနှံ့အပြား မိုးဆက်ရွာသွန်းနေဦးမှာ ဖြစ်ပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်မှာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တဲ့အကြောင်း မိုးလေ၀သက ကြိုတင် သတင်းထုတ်ပြန်ထားပါတယ်။

တတိယ ရေကြီးကာလဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင် ရေကြီးမှုအခြေအနေ ပိုဆိုးရွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း ကြိုတင် သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013