DVB Logo
Home
မြန်မာသတင်း
၁၅ မြို့နယ်မှ အာဟာရချို့တဲ့ ကလေးများအတွက် အသင့်စားမြေပဲယိုများ ထပ်ပေးမည်
DVB
·
December 12, 2018
၁၅ မြို့နယ်မှ အာဟာရချို့တဲ့ ကလေးများအတွက် အသင့်စားမြေပဲယိုများ ထပ်ပေးမည်
Donate to DVB

အာဟာရချို့တဲ့သူ ကလေးတွေအတွက် အသင့်စားမြေပဲယိုတွေကို ရန်ကုန်ရှိ မြို့နယ်ပေါင်း ၁၅ ခုမှာ ထပ်ပေးမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလတို့က ရန်ကုန်တိုင်းထဲက ရွှေပြည်သာနဲ့ လှိုင်သာယာ မြို့နယ်တို့မှာ အသင့်စားမြေပဲယို (RUTF) တွေ ပေးခဲ့ပါသေးတယ်။

အခု ထပ်တိုးချဲ့မယ့် မြို့နယ်တွေကတော့ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ ဆိပ်ကြီးခနောင်တို၊ မှော်ဘီ၊ ဒဂုံမြို့သစ် ၄ မြို့နယ်၊ ဒလ စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

အာဟာရဖွံ့ဖြိုးရေးနဲ့ သုတေသနဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က “ဇန်နဝါရီလမှာ စပြီး ပေးမှာပါ။ အခုက သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို သင်တန်းပေးနေပါတယ်။ သူက (အာဟာရချို့တဲ့မှု) အဆင့်သတ်မှတ်ချက်တွေ ရှိတယ်လေ။ ဘယ်အဆင့်မှာ ဘယ်နှစ်ထုပ်နှုန်း ပေးမယ်ပေါ့။ ယူနီဆက်ဖ်ကတော့ မြို့နယ်တွေကို ဖြန့်ဝေနေပါပြီ” လို့ ပြောပါတယ်။

အခုလာမယ့် ဇန်နဝါရီကနေ မတ်လအထိ ၃ လစာကိုတော့ ယူနီဆက်ဖ်က ထောက်ပံ့ပေးထားတယ်လို့ သူက ဆိုပါတယ်။

“ဒါက ကုသရေးအတွက် ပေးတာပါ။ မြေပဲယိုဆိုပေမယ့် ဆေးပါပဲ။ ပျှမ်းမျှအားဖြင့်ကတော့ တရက်စာကို တထုပ်ကနေ ၃ ထုပ်အထိ ပေးရပါတယ်။ နည်းနည်းပဲ ချို့တဲ့သူဆိုရင်တော့ တပတ်စာပေး၊ ပြီးရင် ပြန်စစ်၊ ပိုပြီးချို့တဲ့ရင်တော့ ၂ ပတ်စာပေး၊ ပြန်ကြည့်။ အဲလိုမျိုး ဖြန့်ဝေရတာပါ” လို့ ဒေါက်တာလွင်မာလှိုင်က ပြောပါတယ်။

ပေးဝေပြီးတဲ့ မြို့နယ်တွေက စာရင်းဇယား အစုံအလင် မရသေးတာကြောင့် လက်ရှိ အာဟာရချို့တဲ့သူ ကလေးငယ်အရေအတွက်ကို အတိအကျပြောဖို့ မလွယ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီလိုပေးဝေတာကို အခြေခံကျန်းမာရေး ဝန်ထမ်းတွေကတဆင့် ပေးမှာဖြစ်ပြီး အသက် ၆ လကနေ ၅၉ လအတွင်း ကလေးတွေကို ပေးမှာပါ။

ဒီမြေပဲယိုတွေကို ကရင်နဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတို့မှာလည်း ပေးဝေနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013