DVB Logo
Home
မြန်မာသတင်း
မိုင်းဖုံးဆရာတော် တရားဟောစင်မြင့် ဖျက်ဆီးခဲ့မှု ဝ တပ်ဖွဲ့ ပြန်တောင်းပန်
DVB
·
December 12, 2018
မိုင်းဖုံးဆရာတော် တရားဟောစင်မြင့် ဖျက်ဆီးခဲ့မှု ဝ တပ်ဖွဲ့ ပြန်တောင်းပန်
Donate to DVB

မိုင်းတုံမြို့နယ်က မိုင်းဖုံးဆရာတော်ရဲ့ တရားဟောစင်မြင့်ကို ဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားသွားတာဖြစ်ကြောင်း ဝတပ်ဖွဲ့က ဒီနေ့ ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ဟွေအော့ကျေးရွာမှာရှိတဲ့ မိုင်းဖုံးဆရာတော်ဘုရားကြီး တရားဟောစင်မြင့်နဲ့ စေတီသစ်တဆူ ဆောက်တည်မယ့်နေရာကို  မနေ့ညနေပိုင်းက ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ (တောင်ပိုင်း) ရှိ တပ်ဖွဲ့ဝင်တချို့ လာရောက်ဖျက်ဆီးခဲ့တာပါ။

အဲဒီနေရာဟာ တောင်ပိုင်း ဝတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်ပြီး တရားဟောစင်ကို  သဘောတူမှုနဲ့ ဆောက်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ရှမ်းနှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၈ ရက်နေ့က) မိုင်းဖုံးဆရာတော် ကြွရောက်လာပြီး တရားဟောပြီးတဲ့နောက် စင်မြင့်ပြန်ဖျက်ရေး/မဖျက်ရေး တဖက်က ပြောဆိုနေစဉ် မနေ့မွန်းလွဲပိုင်းက ဝ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စင်မြင့်နဲ့တကွ ယာယီနားနေဆောင်တွေ ဖျက်ဆီင်္းပစ်သလို စေတီတည်ဖို့ တူးထားတဲ့ မြေတွေလည်း ပြန်ဖို့ခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့  မိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ စိုင်းဝင်းမြတ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေရာမှာ တရားဟောစင်ဆောက်ဖို့ကိစ္စ ဝ တပ်ဖွဲ့က အစကတည်းက သိပ်သဘောမတူချင်ဘူး။ ဒါပေမယ့် ဟွေအော့ကျေးရွာ အုပ်ချုပ်ရေးမှူးက တရားပွဲပြီးရင် စင်ပြန်ဖျက်ပေးမယ့်အကြောင်း လက်မှတ်ထိုးပေးတော့မှ လုပ်လို့ရတယ်။ တရားပွဲမှာ ဝ လူကြီးတချို့လည်း လာတော့ မဖျက်သေးဘဲ ဒီတိုင်းထားလည်း ရတယ်လို့ ပြောတာနဲ့ မဖျက်ရသေးဘူးပေါ့။ နောက်ပြီး အဲဒီနားမှာ ဖရနရေ့ (ဗြနရာဇ်) သင်္ချိုင်းနဲ့ ရှေးဟောင်းစေတီတဆူ ရှိတယ်။ မိုင်းဖုံးဆရာတော်က အဲဒီဘေးမှာ နောက်ထပ်စေတီတဆူတည်ဖို့ အုတ်မြစ်ချပေးထားတယ်။  အဲဒါဟာ ရှေးဟောင်းသာသနာမြေဆိုတော့ ပြဿနာဖြစ်မယ် မထင်ဘူးပေါ့။ မနေ့က ကျနော်တို့ အဲဒီနေရာတဝိုက်မှာ ဘက်ဟိုးကားနဲ့ မြေတွေ သွားညှိနေတုန်း ဝ တပ်ဖွဲ့ဝင် ၂၀ ကျော် ရောက်လာပြီး သူတို့နယ်မြေထဲမှာ လုပ်ရမလားဆိုပြီး လာဖျက်ဆီးတယ်။ တရားဟောစင်ရော၊ ယာယီနားနေဆောင်တွေ ဖျက်ဆီးပြီး အဲဒီမှာရောက်နေတဲ့ သံဃာဆယ်ပါးကျော်လည်း ထွက်ခွာလာရတယ်။ စေတီတည်ဖို့ ညှိထားတဲ့ မြေနေရာတွေလည်း ပြန်ဖို့ခံရတယ်။”

ဒီကနေ့မနက်မှာတော့ ဝတပ်ဘက်က အရာရှိ ၁ ဦးနဲ့ အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မနေ့က ဖြစ်သွားတဲ့ကိစ္စမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့တာလို့ ပုံပါကျင်ကျောင်းတိုက်ဆရာတော် အရှင်နန္ဒိယက ဒီဗွီဘီကို မိန့်ပါတယ်။

“ဒီကနေ့မနက်မှာ သူတို့လာပြီး ကျေအေးပါတယ်။ အစကတော့ ခွင့်ပြုချက်မကျသေးဘဲ လုပ်လို့ပေါ့နော်။ သူတို့လည်း ဗုဒ္ဓဘာသာကို လေးစားလို့ အထက်ကိုတင်ပြပြီး စေတီတည်ဖို့ ခွင့်ပြုလိုက်တယ်လို့ ဒီမနက်မှာ ပြောပါတယ်။ ဓလေ့ထုံးစံအရ ကန်တော့ပွဲတွေနဲ့  ပြန်တောင်းပန်ဖို့ ကိစ္စတော့ နောက်မှပေါ့။ လောလောဆယ်တော့ ဘုန်းဘုန်းတို့ရော၊ ဝ တပ်ဖွဲ့ အရာရှိတွေရော၊ မြန်မာ့တပ်မတော်ဘက်က တာဝန်ရှိသူတွေရော၊ ရွာလူကြီးတွေပါ အဲဒီနေရာကို ရောက်နေကြတယ်။ အဖျက်ခံရတဲ့ဟာတွေ ပြန်ပြင်ဖို့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်။ တရားဟောစင်ကိစ္စတော့ မဆွေးနွေးရသေးဘူး။”

အဲဒီဒေသမှာ အရင်က ရှမ်းနဲ့ လားဟူ တိုင်းရင်းသားကျေးရွာတွေရှိပြီး လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က နဝတ အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့် သဘောတူချက်နဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ဝင်တချို့နဲ့ ဝ ပြည်သူတွေဟာ သောင်းနဲ့ချီပြီး ရှမ်းပြည်တောင်ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ နားကောင်းမူး၊ ပုံပါကျင် စတဲ့ဒေသကို  ပြောင်းရွှေ့နေထိုင်လာခဲ့ပါတယ်။

လက်ရှိတောင်ပိုင်းဒေသမှာ ယူဒဗလျူအက်စ်အေရဲ့ တပ်မဟာ ၅ ခုရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ရာမှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူ မူရင်းဒေသခံရဲ့ မြေယာတွေ အသိမ်းခံရတဲ့ ပြဿနာလည်း ရှိနေတယ်လို့ မိုင်းတုံဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာမှာ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ (တောင်ပိုင်း) ကို မေးမြန်းဖို့ ပြောကြားခဲ့ပါတယ်။ ဒီဗွီဘီက ၀တပ်ဖွဲ့ တောင်းပိုင်းကို ဆက်သွယ်ပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013