DVB Logo
Home
ဆောင်းပါး
လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိသတဲ့လား
DVB
·
September 6, 2012
လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိသတဲ့လား
Donate to DVB

ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော်ထဲမှာ တရားစီရင်ရေးဆိုင်ရာ အဆို တခု ဆွေးနွေးခဲ့ကြပါ တယ်။ ပြည်သူ့လွှတ်တော်အမတ် သူရဦးအောင်ကိုက လက်ရှိ ပြဋ္ဌာန်းထားဆဲ ဖြစ်တဲ့ စာချွန်တော်အမိန့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တချို့ကို ပြင်ဆင်ဖို့ ဆိုပြီး တင်ပြတဲ့ အဆို ဖြစ်ပါတယ်။

ဒီအဆိုရဲ့ အကျဉ်းချုပ်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၇၊ ၃၇၈ မှာ နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိ တရားရုံးတွေရဲ့ ဖြေရှင်းပေးမှုမျိုးနဲ့ မလုံလောက်ဘူးလို့ ယူဆရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ပေးဖို့ လျှောက်ထားနိုင်တယ် လို့ ပြဋ္ဌာန်းထားတယ်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အသက်ဝင်လာအောင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းဥပဒေတွေပြဋ္ဌာန်းပေးထားတယ်။ ဒါပေမယ့် ဒီ လုပ်ထုံးလုပ်နည်း နည်းဥပဒေပါ ပြဋ္ဌာန်းချက် တချို့ကြောင့် ပြည်သူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အခွင့်အရေး ပေးပေမယ့် လက်တွေ့မှာ မခံစားရလို့ ဆိုပြီး တချို့ အချက်တွေ ပြင်ဆင်ပေးဖို့ သူရဦးအောင်ကိုက အဆို တင်ပြတာ ဖြစ်ပါတယ်။

တကယ်တော့ လွှတ်တော်မှာ အဆိုတခု တင်တယ်၊ အမတ်တွေက ငြင်းကြ ခုံကြ ဆွေးနွေးကြမယ်၊ ပြီးရင် သက်ဆိုင်ရာ အစိုးရဘက် ဒါမှမဟုတ် တရားရေးဘက်ဆိုင်ရာက လာရောက် ဖြေရှင်းပြီး ဆုံးဖြတ်ချက်တခုခု ချလိုက်တယ်ဆိုရင် သိပ်မဆန်းပါဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ သူရဦးအောင်ကိုနဲ့ လွှတ်တော် အမတ်တွေ ပြောဆိုကြတာတွေ၊ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ လွှတ်တော်အမတ်တွေ ပြဿနာ ဖြစ်ပွားနေတာတွေမှာ ထူးခြားချက်တွေ ရှိနေတာမို့ ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

အဲဒီနေ့မှာ အဆိုပါ အကြောင်းအရာဖြစ်တဲ့ စာချွန်တော် အမိန့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တချို့ကို ပြင်ဆင် သင့် မသင့် အမတ်တွေက ဆွေးနွေးကြပါတယ်။

အမတ်တွေ ဆွေးနွေးအပြီးမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ လုပ်ထုံးလုပ်နည်း တချို့နဲ့ ပတ်သက်ပြီး ဘာကြောင့် ထည့်သွင်းထားရတယ်၊ ဘယ်လို အဓိပ္ပာယ် ရှိတယ် စသဖြင့် သေသေချာချာ ရှင်းပြပြီး ပြင်ဆင်ဖို့ မလိုအပ်ကြောင်း ရှင်းလင်း ပြောဆိုပါတယ်။ ဒီ ရှင်းလင်းတင်ပြချက်အပြီး အဆိုရှင် သူရဦးအောင်ကိုက သူ့ရဲ့ သဘောထားကို တင်ပြပါတယ်။ သူ့ရဲ့ သဘောထားကို ပြန်ပြီး တင်ပြရာမှာ ရိုးရိုးတင်ပြတာမျိုး မဟုတ်ပဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တိုက်ခိုက် ပုတ်ခတ် ပြောဆိုတာကနေ အစ ပြုပါတယ်။

သူက " ဒီ အခြေအနေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ ပွင့်လင်းမြင်သာတဲ့ လက်တွေ့ကျတဲ့ အများပြည်သူအကျိုးကို ကာကွယ်ပေးနိုင်မယ့် တရားစီရင်ရေးစနစ်ကို လိုလားတဲ့ ပြည်သူ့ လွှတ်တော်နဲ့ စနစ်ဟောင်းပေါ်မှာ ပြန်လည် ဖက်တွယ်ထားလိုတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ရဲ့ အားပြိုင်မှု တခုလို့ ဆိုလို့ရှိရင် မှားနိုင်မှာ မဟုတ်ပါဘူး"  ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ခါတိုင်း အမတ်တွေ စိတ်ပါလက်ပါ ဆွေးနွေးပြောဆိုရင်း ဟန်အမူအရာ ပါလာ၊ အသံတွေ ကျယ်သွားတဲ့ အခြေအနေ အောက်မှာ မကြာခဏ သတိဝင်ပေးလေ့ရှိတဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း နှုတ်ပိတ်ပြီး နေတာ တွေ့ရပါတယ်။

တကယ်တော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေ ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၉၉ အရ သမ္မတက နာမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ရတာ ဖြစ်ပါတယ်။ အခု သူရဦးအောင်ကို ပြောသလိုဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တွေလိုပဲ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကိုတောင် စွပ်စွဲပြစ်တင်ရမလို ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒါတင်မက သူရ ဦးအောင်ကိုက ဆက်ပြောပါသေးတယ်။

"ပြည်ထောင်စု လွှတ်တော်သည် ပြည်သူသန်း ၆၀ ရဲ့ ကိုယ်စား အာဏာကုန် လွှဲအပ်ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အထက်မှာ မည်သည့်အဖွဲ့အစည်း ခုံရုံးမှ မရှိပါဘူး။ ခက်မသုံးဖြာ အချုပ်အခြာရဲ့ မူလ ပိုင်ရှင်ကလည်း ပြည်သူများကနေ အာဏာကုန်လွှဲအပ်ပေးထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိပါတယ်"လို့ ဆိုပါတယ်။

သူရဦးအောင်ကိုရဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ် ဆိုတဲ့ စကားအဆုံးမှာတော့ ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ လက်ခုတ်သံ ညံသွားတာကိုလည်း ကြားလိုက်ရပါသေးတယ်။

တကယ်တော့ သူရဦးအောင်ကို ပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပာယ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က) မှာပါတဲ့ "နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မ ၃ ဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်"  ဆိုတာကို ဥပက္ခာ ပြုလိုက်တာလို့ ဆိုရင်လည်း မမှားပါဘူး။ သူတို့ လွှတ်တော်ဆိုတာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်တယ်၊ ဘယ်ခုံရုံး ဘယ်တရားရုံး ဘယ်အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကိုမှ လိုက်နာစရာ မလိုဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။

တကယ်တော့ လွှတ်တော်ဆိုတာ တိုင်းပြည်နဲ့ နိုင်ငံသားတွေအတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းမယ်၊ ဒီ ပြဋ္ဌာန်းတဲ့ ဥပဒေတွေအတိုင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပိုင်းက လိုက်နာ မလိုက်နာ စောင့်ကြပ် ကြည့်ရှုသလို လွှတ်တော်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီ မညီ၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာ မလိုက်နာ စတာတွေကိုလည်း တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းက စောင့်ကြပ် ကြည့်ရှုနေမှာပဲ ဖြစ်ပါတယ်။ ဒါကို လက်မခံတာဟာ မဏ္ဍိုင်တွေ အချင်းချင်း ထိန်းကျောင်းတဲ့ ဒီမိုကရေစီကျင့်စဉ်ကို လက်မခံရာလည်း ရောက်ပါတယ်။

တကယ်တော့ သူရဦးရွှေမန်း ဦးဆောင်နေတဲ့ လွှတ်တော်ထဲက ကြံ့ခိုင်ရေး အမတ်တွေ ခုလို ဖြစ်နေတာဟာ ဆန်းတော့ သိပ်မဆန်းပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ဒီ အမတ်တွေ လွှတ်တော်ထဲ ဘယ်လို ရောက်လာတယ် ဆိုတဲ့ အဖြေ ပေါ်လာမှာ ဖြစ်ပါတယ်။ ပြည်သူတွေက တကယ့်ကို ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ မဟုတ်တာ၊ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးဆိုတာထက် ကိုယ့်အကျိုး၊ ကိုယ်ပါဝင်တဲ့ အဖွဲ့အစည်း အကျိုးစီးပွားတွေ လုပ်ရင်း ခုလို အခြေအနေ ဆိုက်လာတာ ဖြစ်ပါတယ်။

အခြားတဖက်ကို ပြန်ကြည့်လိုက်ရင် သမ္မတ ရုံးညွှန်ကြားရေးမှူး ဖေ့ဘုတ်ခ် စာမျက်နှာမှာ ထိုင်းနိုင်ငံက အာဏာသိမ်းပွဲတွေအကြောင်း ဖော်ပြလာတာ သတိထားမိနိုင်ပါတယ်။ သမ္မတရုံးဘက်က ပြောချင်တဲ့ မက်ဆေ့ခ်ျ ကတော့ ကြံ့ခိုင်ရေး အမတ်တွေ လက်ရှိ လုပ်နေတာကို လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေ သဘော မတူကြဘူး၊ ဒီ အကျပ်အတည်း ဟာ ခေတ္တခဏ ဖြစ်စေ စစ်တပ်က တိုင်းပြည်ကို ၀င်ထိန်းရမယ့် အခြေအနေ ရောက်သွားနိုင်တယ် ဆိုပြီး သတိပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီအတွက် တိုင်းပြည်မှာ ဒီမိုကရေစီ အရေးလှုပ်ရှားနေသူတွေ၊ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်နေသူတွေ အနေနဲ့ လက်ရှိ လွှတ်တော်ထဲက ကြံ့ဖွံ့အမတ်တွေရဲ့ လုပ်ရပ်ကို ဝေဖန် ထောက်ပြတာ ၊ ကောင်းမွန်တဲ့ အကြံပေးမှုတွေ လုပ်တာ စတာတွေကို အချိန်မဆိုင်း လုပ်သင့်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013