
ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က နေ့စဉ်ရက်ဆက် ဆင့်ခေါ်နေတဲ့အပေါ် လွှတ်တော်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေတာသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံခုံရုံးက ထပ်မံအကြောင်းပြန်လိုက်ပါတယ်။
ဖွဲ့စည်းပုံခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး လက်မှတ်ရေးထိုးထားတဲ့ စက်တင်ဘာ ၅ ရက် အဆိုပါ အကြောင်းကြားစာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆင့်ခေါ်တဲ့ အကြိမ်တိုင်း ခုံရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းကို ကိုယ်စားလှယ်လွှဲ စေလွှတ်ခဲ့ကြောင်း၊ ဒါကြောင့် ခုံရုံးအဖွဲ့က ဖြေရှင်းဖို့ မသွားရောက်ဘူးဆိုတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ စွပ်စွဲချက်ဟာလည်း မမှန်ကန်ကြောင်း ဖော်ပြထားပါတယ်။
ခုံရုံးဟာ အဲဒီစာကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီကိုပါ မိတ္တူ ပေးပို့ခဲ့ပါတယ်။











