DVB Logo
Home
မေးမြန်းခန်း
သမ္မတနှင့်တွေ့မည့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို မေးမြန်းချက်
DVB
·
September 5, 2012
သမ္မတနှင့်တွေ့မည့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို မေးမြန်းချက်
Donate to DVB

တိုင်းနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ တိုင်းဒေသကြီး အစိုးရနဲ့ ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတွေ တက်ခွင့်အပါအ၀င် ခွဲခြားဆက်ဆံခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သမ္မတနဲ့ မတွေ့ခင် ဒီနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။

သမ္မတက တိုင်းရင်းသားရေးရာဝန်ကြီးတွေကို စက်တင်ဘာ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ ချိန်းထားပါတယ်။

ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို မေးထားပါတယ်။



[caption id="attachment_19323" align="alignleft" width="273" caption="ရခိုင္တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် "][/caption]

တိုင်းရင်းသားရေးရာဝန်ကြီးတွေ တွေ့တော့ ဘာတွေပြောဖြစ်ကြပါလဲ။

“တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ အားလုံး ၂၉ ပါးရှိတဲ့အထဲမှာ အားလုံး ၁၆ ပါး ချိန်းပြီးတော့ အင်းယားလိတ် ဟိုတယ်လ်မှာ တွေ့ဆုံ တိုင်ပင်ကြတာပေါ့။”

အကြမ်းဖျင်း ဘာတွေဆွေးနွေးကြလဲ။

“ခေါင်းစဉ်လောက် အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် တိုင်းရင်းသားရေးရာတွေကို ကျနော်တို့ တင်ပြဆွေးနွေးဖို့ တိုင်ပင်ပါတယ်။ ဘာတွေ ပြောမယ်ဆိုတာကတော့ သမ္မတနဲ့တွေ့မှ ပြောရမှာဆိုတော့ ကြိုပြောဖို့ မသင့်တော်လို့ပါ။”

သမ္မတနဲ့တွေ့တဲ့အခါမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ အစိုးရအဖွဲ့ထဲဝင်ရေးကို အဓိကပြောဖို့ ရှိပါလား။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေက သိပ်ပြီးတော့ လုပ်ပိုင်ခွင့် မရှိတာတွေ့ရလို့။

“ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇(ဂ)မှာ အုပ်ချုပ်ရေးမှာ ပါဝင်ရမယ်။ အဓိကအားဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှာပါဝင်ရမယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၅ ခန်းမှာ အခန်း (၁) principle (ဥပဒေသ) ဖြစ်တဲ့ အခြေခံမူမှာကို ပြဋ္ဌာန်းထားပါတယ်။ အဲပြဋ္ဌာန်းချက်များနဲ့အညီ ကျနော်တို့က တောင်းဆိုရမှာဖြစ်တယ်။ သမ္မတကြီးကလည်း ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထင်ပါတယ်။”

တခြား ဘာများပြောလို့ရတာ ရှိပါသေးလဲ။

“နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ fundamental law ပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တခါ အခြေခံမူဆိုတာ principle ပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူ ပုဒ်မ ၄၈ မှာ၊ အခြေခံမူများဟာ တည်ဆဲဥပဒေများကိုသော်လည်းကောင်း၊ သက်ဆိုင်ရာလွှတ်တော်များက ပြဋ္ဌာန်းတဲ့ ဥပဒေများကိုသော်လည်းကောင်း၊ ဥပဒေများကို ဥပဒေပြဋ္ဌာန်းရာမှာသော်လည်းကောင်း၊ ယင်းဥပဒေကြောင့် အဓိပ္ပာယ်ဖွင့်ဆိုရာမှာသော်လည်းကောင်း လိုက်နာရမယ့် လမ်းညွှန်ချက်များဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲတော့ အခြေခံမူမှာပါတဲ့၊ ပုဒ်မ ၁၅ မှာလည်း တိုင်းနဲ့ပြည်နယ်တွေမှာ၊ သင့်တင့်လျောက်ပတ်တဲ့ လူဦးရေရှိတဲ့ တိုင်းနဲ့ပြည်နယ်က တိုင်းရင်းသားတွေ၊ ဥပမာအားဖြင့် ရှမ်းပြည်နယ်မှာဆိုရင် မွန်ရှိရင် မွန်တောင်းလို့ရမယ်။ ကရင်ရှိရင် ကရင်တောင်းလို့ရမယ်။ လူဦးရေကလည်း ၀.၁ရာခိုင်နှုန်း အထက်ဖြစ်ရမယ်။ အဲလိုတိုင်းရင်းသားတွေအတွက် ဥပဒေပြန်တမ်းဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ၊ ပြည်နယ်လွှတ်တော်တွေမှာ လည်း ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ ပုဒ်မ ၁၅ မှာအခြေခံမူအဖြစ် ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၇ (ဂ) မှာလည်း အဆိုပါ ဥပဒေပြုရေးမှာ ပါဝင်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်ကို အဲတိုင်းဒေသကြီးမှာ သူ့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ၊ လူမျိုးများရဲ့ အဓိကအရေးကို ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ပြုရမယ်ဆိုတဲ့ principle ပြဋ္ဌာန်းထားတယ်။ ဒီ ဥပဒေသကို ဘယ်သူမှကျော်လို့မရဘူး။ နောက်ထွက်တဲ့ ဥပဒေကလည်း ကျော်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၆ မှာလည်း တည်ဆဲဥပဒေများသည်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ရင် ပျက်ပြယ်တယ်။ မဆန့်ကျင်ရင် အတည်ဖြစ်တယ်ဗျာ။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေရင်၊ အခြေခံမူတွေနဲ့ ဆန့်ကျင်နေရင် ဒါက ပျက်ပြယ်တယ်။ အဲဒီတော့ ဒါက လုပ်ကို လုပ်ပေးရမယ်။ မလုပ်ပေးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာပဲ။ ကျနော်ထင်တယ် သမ္မတနဲ့ တွေ့တဲ့အခါ ဒါတွေကို ကျနော်တို့ကို လုပ်ပေးမယ်လို့ မျှော်လင့်တယ်။”

၂၀၁၀ ရွေးကောက်ပွဲမှာ ဦးဇော်အေးမောင်တို့ ၀င်ပြိုင်ခဲ့တယ်။ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ခုချိန်ထိ ကမ္ဘာက မြန်မာပြည်မှာ အပြောင်းအလဲတွေ သွားနေပြီလို့ ပြောနေကြတဲ့အခါ တိုင်းဒေသကြီး ပြည်နယ်ဒေသကြီးရဲ့ အစိုးရတွေ အဖွဲ့ထဲမှာ အမတ်တွေထဲမှာ အစည်းအဝေးတွေ ခေါ်တိုင်းမှာ မပါရတော့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ စိတ်ထဲမှာ ဘယ်လိုမျိုး ခံစားရလဲ။

“ကျနော် ၁ နှစ်ခွဲ ရှိပြီဗျာ။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ပြီး ကျနော်တို့ကို မဖိတ်တော့ ဥပဒေက မှားနေတာပေါ့။ လူကြီးတွေကလည်း ကျနော်ထင်ပါတယ်။ လုပ်ပေးမယ်လို့ ထင်ပါတယ်။ မလုပ်ပေးရင်တော့ ဒါက ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013