DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် အေအေတိုက်ပွဲဖြစ်၊ အရပ်သား ၁ ဦးဒဏ်ရာရ
DVB
·
December 11, 2018
ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် အေအေတိုက်ပွဲဖြစ်၊ အရပ်သား ၁ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြိုမချောင်းကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တွေ  တိုက်ပွဲဖြစ်ပွားလို့ အရပ်သား ၁ ဦး ဒဏ်ရာရသွားပါတယ်။

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းရိုးရှိ မြိုမချောင်းကျေးရွာမှ ကင်းတောင်ကျေးရွာသို့ မြန်မာတပ်မတော်က စက်လှေနဲ့ စစ်ကြောင်းဆင်းလာစဉ် မြိုမချောင်းကျေးရွာ တောထဲကနေ ရက္ခိုင့်တပ်မတော် (အေအေ)က ခြုံခိုတိုက်ခိုက်တဲ့အတွက် စက်လှေမောင်းတဲ့ အရပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိုမချောင်းအုပ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောပါတယ်။

“စက်လှေမောင်းသူ ကျွဲချေ (ခ) အောင်ကျော်ထွန်း (၃၄ နှစ်)ပါ။  သေနတ်ဒဏ်ရာက လက်ဟိုဘက် ဒီဘက်ပေါက်သွားပါတယ်။ တိုက်ပွဲဖြစ်ရာမှာ ထိမှန်တာပါ။ အခု ဘူးတောင်ဆေးရုံမှာပါ။ တိုက်ပွဲကတော့ မြိုမချောင်းကျေးရွာဘက်အထက်မှာ”။

မြိုမချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်လှက “ကျေးရွာသူ/သားတွေကတော့ စိုးရိမ်မှုတွေရှိပါတယ်။သူတို့က ထင်းခွေဝါးခုတ်ပြီး သက်မွေးဝမ်းကျောင်းပြုနေကြတာပါ။ ဒီရက်ပိုင်းတွေမှာ တောတောင်ကိုလည်း မသွားရဲ ကြတော့ပါဘူး"လို့ ပြောပါတယ်။

မြိုမချောင်းကျေးရွာဟာ ရခိုင်တိုင်းရင်းသားကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၇ အိမ်သာရှိကာ ကင်းချောင်းကျေးရွာကတော့ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ဘင်္ဂလီကျေးရွာဖြစ်ပါတယ်။

ဒဏ်ရာရရှိလာသူ ကိုအောင်ကျော်ထွန်းက “ကတိုး စက်လှေ ၅ စီးပါ။ စစ်တပ်က ကတိုးတိုက်ပေးဖို့ ခေါ်ပါတယ်။ မြိုမချောင်းကျေးရွာကနေ ကင်းချောင်းကျေးရွာကိုပါ။ မနက် ၁၁ နာရီကျော် ၁၂ နာရီလောက်အချိန်ပါ မြိုမချောင်း တောထဲက လှမ်းပစ်လိုက်တာပါ။ ကျနော် လက်ဖျံကို ကျည်ဖောက်ထွက်သွားခဲ့ပါတယ်။ စစ်တပ်က ကမ်းကို ကပ်ကမ်းကို ကပ်ဆိုတော့ ကမ်းကို ကပ်ပေးပါတယ်။ စစ်တပ်နဲ့ ဟိုဖက်က အပြန်အလှန်ပစ်ကြတာ ၅ မိနစ်လောက် ကြာပါတယ်။ နောက် ပစ်သံတွေ တိတ်သွားမှ လက်ကို ဆေးတပ်ကလာလို့ ဆေးထည့်ပေးပါတယ်။ တပ်ကတော့ ကင်းချောင်းမှာကျန်နေခဲ့ပါတယ် ကျနော်ကတော ဘူးသီးတောင်ဆေးရုံကို နေလည် ၂ နာရီလောက်ရောက်ပါတယ်။ လက်ဖျံရိုးကျိုးပါသွားတယ်"လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ကွမ်းတောင်ကျေးရွာ အရှေ့ဖက် ကောင်းတိုက်ချောင်းနဲ့ ငသလင်ချောင်း ကြားလက်နက်ကြီးနဲ့ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ကွမ်းတောင်ကျေးရွာသားတွေက ပြောကြပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013