DVB Logo
Home
မြန်မာသတင်း
မြက်ပင်များဖြင့် ဖုံးအုပ်တင်ဆောင်လာသည့် တရားမ၀င် မြန်မာ ၅ ဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
December 11, 2018
မြက်ပင်များဖြင့် ဖုံးအုပ်တင်ဆောင်လာသည့် တရားမ၀င် မြန်မာ ၅ ဦးကို ထိုင်းရဲဖမ်းဆီး
1 / 3
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတစီးနဲ့ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅ ဦး အဖမ်းခံရတယ်လို့  Workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်သူတွေ သယ်ဆောင်လာမယ့်အကြောင်း ကြိုတင်သတင်းပေး ချက်အရ ပရကျူတ်ခီရီခန်ရှိ ဒုမြို့နယ်မှူး၊ နယ်မြေခံစစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင် တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ခလောင်းဝပ်အုပ်စုရှိ လိုက်ခလော့ကျေးရွာလမ်း တ၀ိုက် စောင့်ကြပ်စစ်ဆေးနေစဉ် အီဇူးဇူးငွေရောင်ဟိုင်းလပ်ကား တစီးရောက်လာလို့ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်ခိုင်းပေမယ့် ရပ်မပေးဘဲ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

တနေရာအရောက်မှာ ကားသမားဟာ ကားရပ်ပြီး တံခါးဖွင့်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ကားရှေ့ခန်းမှာတော့ မြန်မာအမျိုးသမီး တဦးကျန်ခဲ့ပြီး နောက်ခန်းကို စစ်ဆေးရာမှာ မြက်ပင်တွေဖုံး အုပ်ထားတဲ့အောက်မှာ လဲလျောင်းလိုက်ပါလာတဲ့  မြန်မာ ၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ပရကျူတ်ခီ ရီခန် ဒုမြို့နယ်မှူးက ဒီဇင်ဘာ ၉ ရက်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

သူတို့ထဲက ကိုဇော်မင်းဆိုသူတဦးသာ မြန်မာနိုင်ငံကူးလက်မှတ်ရှိပြီး ကျန်သူတွေက ဘာအထောက်အထားမှ မရှိဘဲ ပွဲစားကို တဦးကို ဘတ် ၃၀၀၀၀ ပေးကာ ဆင်းခေါင်န်ဂိတ်အနီး တောလမ်းကနေ ၀င်လာတာလို့ ဆိုပါတယ်။

ကိုဇော်မင်းရဲ့ ပတ်စပို့ကိုစစ်ဆေးရာမှာ ထိုင်းနိုင်ငံမှာ ၂၀၁၉ မတ် ၃၁ ရက်ထိ နေထိုင်ခွင့် ဗီဇာတုံးထုထားပြီး ငွေလက်ခံဖြတ်ပိုင်းတစောင်လည်းရှိပေမယ့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ကွန်ပြုတာကွန်ရက်ထဲမှာတော့ အချက်အလက်တွေ ရှာမတွေ့ဘူးလို့ ထိုင်းရဲက ဆိုပါတယ်။

ကိုဇော်မင်းကတော့ သူ့အနေနဲ့ ထိုင်းနိုင်ငံထဲကို ပထမဆုံးအကြိမ်ဝင်လာတာလို့ ၀န်ခံပြီး ပတ်စပို့နဲ့ တကွ နေထိုင်ခွင့်ရ ဗီဇာတွေကတော့ ပဲခူးမြို့အထိ  လာရောက်ဆက်သွယ်တဲ့ ပွဲစားက ဘတ် ၃၀၀၀၀ နဲ့ အကုန်လုပ်ပေးတာလို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ သူတို့ကို နိုင်ငံထဲတရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ထွက်ပြေးသွားတဲ့ ကားသမားနောက်ကိုလည်း လိုက်လံရှာဖွေဖမ်းဆီး မယ်လို့ ဒုမြို့နယ်မှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013