DVB Logo
Home
မြန်မာသတင်း
ပုဂံအလုပ်​သမားသပိတ်​စခန်း ညအချိန်​အင်​အားသုံး ဖြိုခွင်းခံရ
DVB
·
December 11, 2018
ပုဂံအလုပ်​သမားသပိတ်​စခန်း ညအချိန်​အင်​အားသုံး ဖြိုခွင်းခံရ
1 / 3
Donate to DVB

ညောင်​ဦးမြို့နယ်​၊ ပုဂံမြို့​ဟောင်းရှိ သရပါဟိုတယ်​က အလုပ်​ဖြုတ်​ခံရတဲ့ အလုပ်​သမားတွေ ရဲ့ သပိတ်​စခန်းကို ဒီမနက် အစောပိုင်းမှာ  ရဲအင်​အား ၁၀၀ ​ကျော်​နဲ့ အင်​အားသုံးဖြိုခွင်းခဲ့ပါတယ်​။

ညောင်​ဦးမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​ကိုဝင်း၊ မြို့နယ်​ရဲတပ်​ဖွဲ့ ရဲမှူး ဦး​ကျော်​မြင့်​​ဝေ ဦး​ဆောင်​​တဲ့ အဖွဲ့အင်​အား ၁၀၀​ ကျော်​က ညသန်းခေါင်းကျော် ၁ နာရီခွဲလောက်ကစတင်ပြီး သပိတ်စခန်းကို ၀င်ရောက်ဖြိုခွင်းခဲ့တာပါ။

သပိတ်စခန်းဖျက်ဆီးခံရပြီးနောက် အလုပ်သမားတွေက ​နေရာမှာပဲ အလုပ်​သမားအလံတွေ ကိုင်​ပြီး ဆက်​လက်​စု​ဝေးထိုင်​​နေကြလို့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးက ​ဖျောင်းဖျလူစုခွဲရာမှာ  မနက်​ ၃ နာရီလောက်မှာ အလုပ်သမားတွေ လူစုကွဲသွားခဲ့ပါတယ်​။

သပိတ်​စခန်း ဦး​ဆောင်​သူ ဦး​နေမျိုးဝင်းကိုတော့  ငြိမ်းစုစီ ဥပ​ဒေ ပုဒ်​မ ၉၁၉)နဲ့ အမှု ၃မှု တရားစွဲဆိုထားပါတယ်။  

တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝင်းက “​ကျ​နော်​က နား​ထောင်​သူ တယောက်​ အ​နေနဲ့ပါတာကို ဦး​ဆောင်​သူလည်းမဟုတ်​၊ ​ဟော​ပြောသူလည်း မဟုတ်​ဘဲ အဲဒီ​တော့ တကယ်​ လာလုပ်​တဲ့သူ​တွေကို တရားမစွဲဘဲ ကျ​နော်​ကို သပိတ်​​ခေါင်း​ဆောင်​ ဆိုတဲ့အ​နေနဲ့ တရားစွဲတာ တရားစွဲဖို့ညွှန်​ကြားတာက ​ညောင်​ဦးခရိုင်​စီမံခန့်​ခွဲ​ရေးက ညွှန်​ကြားလို့ ခရိုင်​ရဲမှူးက စွဲတာ ခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦးစိုးတင့် ဦး​ဆောင်​တဲ့စီမံခန့်​ခွဲ​ရေးအဖွဲ့က ဖိအား​ပေးတဲ့ အ​နေအထား​ ​တွေ့ရပါတယ်​။ သပိတ်​စခန်းကိုပိတ်​သိမ်းဖို့လည်း ဖိအား​ပေးတာ​တွေရှိ​နေပြီး အလုပ်​ရှင်​ ဘက်​ကိုကြ​တော့ အလုပ်​သမားဥပ​ဒေချိုး​ဖောက်​မှုရှိမရှိ စစ်​​ဆေး​ဆောင်​ရွက်​တာမရှိဘူး။”လို့ ပြောပါတယ်။

ဦး​နေမျိုးဝင်းဟာ ဒီဇင်​ဘာ ၄ ရက်မနက် ၉ နာရီက ညောင်ဦး မဏိစည်သူ ဈေးဝိုင်းအနီး တစ်​ကြိမ်​၊ ညနေ ၅ နာရီ ညောင်လက်ဖက်ကန် ရှုခင်းကြည့်ကုန်းမြင့် ကားရပ်နားကွင်းမှာ တ​ကြိမ်​၊ ဒီဇင်​ဘာ ၅ ရက် မနက်က ညောင်ဦး မဏိစည်သူဈေးအနီး ဘုန်းစင်ကျောင်းဝိုင်းအတွင်းမှာ ​တစ်​ကြိမ်​ ကြိုတင်​ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ​ညောင်​ဦးနဲ့ ပုဂံနယ်​​မြေရဲစခန်းတို့မှာ  ငြိမ်းစုစီ ဥပ​ဒေ ပုဒ်​မ (၁၉)နဲ့ အမှု ၃ မှု စွဲဆိုပြီး ဒီက​နေ့ ရုံးတင်​စစ်​​ဆေးခဲ့ ပါတယ်​။

ဒီက​နေ့​တရားရုံးမှာ တရားသူကြီးက အပြစ်​ရှိလား​လို့ မေးမြန်းခဲ့ရာမှာ ဦးနေမျိုးဝင်းက  အပြစ်​မရှိပါဘူးလို့ ​ဖြေကြားခဲ့လို့ ဒီဇင်ဘာ ၁၇ ရက်​​နေ့ကို ရုံးပြန်​ချိန်းပါတယ်​။

သပိတ်​စခန်းဖြိုခွင်းခံရတဲ့အပေါ် ဟိုတယ်​ချစ်​သူ မြို့နယ်​အလုပ်​သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးညွှန့်ရွှေက“ယူနက်စကို အမွေအနှစ်ကိုတောင်မှ သွင်းမယ့်အချိန်မှာ ကျနော်တို့ အလုပ်သမားတွေ မတရားအလုပ်ထုတ်ခံခဲ့ရတယ်။ ထုတ်ခံလိုက်ရတယ်ဆိုတော့ အလုပ်သမားတွေရဲ့ဘ၀ စားဝတ်နေရေးက မပြေလည်တော့ဘူး။ အလုပ်သမားတွေရဲ့ဘ၀ ငတ်ပြတ်နေတဲ့အချိန်မှာ ကျနော်တို့တွေက အလုပ်ရဖို့ကိုပဲ တောင်းဆိုခဲ့တယ်။ ဒါကိုတောင်မှ ကျနော်တို့တွေ လစ်လျူရှုခံထားရပြီးတော့ ပထမအကြိမ် ဒီအလုပ်သမားသပိတ်ကို ဖျက်သိမ်းဖို့ နှစ်ကြိမ်တောင်းဆို ခဲ့တယ်။ ၇ ရက်နေ့မှာ မသမာသူတစုက ကျနော်တို့ သပိတ်စခန်းကို ခဲနဲ့အပစ်ခံရတယ်”လို့ ပြောပါတယ်။

သပိတ်​စခန်းဟာ အလုပ်​သမားအဖွဲ့အစည်းဥပ​ဒေနဲ့ ညီညွှတ်​ခြင်း မရှိတာ​ကြောင့် ၂၄ နာရီ အတွင်း အပြီးပိတ်​သိမ်းဖို့ မြို့နယ်​စီမံခန့်​ခွဲမှု ​ကော်​မတီက ဒီဇင်​ဘာ ၈ ရက်​​က စာပို့ သတိပေးခဲ့ပြီး နောက် ၂ ရက်အကြာမှာ သပိတ်စခန်း ဖြိုခွင်းခံရခဲ့ရတာဖြစ်ပါတယ်​။

သရပါဟိုတယ်​ဟာ ဧည့်သည်အဝင်​ပါးတဲ့ အ​ကြောင်းပြချက်​နဲ့ ဝန်​ထမ်းအင်​အား ၁၀ ရာခိုင်​နှုန်း​ လျှော့ချခဲ့ပြီး ဝန်​ထမ်း ၁၃ ဦး အလုပ်​ထုတ်​ခဲ့ရပါတယ်။ အလုပ်သမားတွေက အလုပ်​ပြန်​လည်​ရရှိ​ရေးအတွက်​ သရပါဟိုတယ်​အနီးမှာ မြို့နယ်ဟိုတယ်​ချစ်​သူများအသင်း မြို့နယ်​ အလုပ်​သမားသမဂ္ဂတို့ ပူး​ပေါင်းပြီး ထိုင်သပိတ်​ စခန်းဖွင့်လှစ်​ခဲ့တာ ဒီကနေ့ ဆိုရင် ရက်​​ပေါင်း ၆၀ ပြည့်မြောက်​​တဲ့​နေ့ဖြစ်​ပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013