
အောင်ဘာလေထီလက်မှတ်ဈေးပိုရောင်းလို့ ထီကိုယ်စားလှယ် ၃၈၀ ကို အရေးယူထားပြီး သူတို့ရဲ့ စပေါ်ငွေ ကျပ် ၁၂၄ သန်းကျော်ကို သိမ်းယူခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တာဖြစ်ပြီး ထီဆုတွေထဲမှာ ကျပ်သိန်း ၂၀၀ နဲ့ ကျပ်သိန်း ၃၀၀ ဆုတွေ များများထည့်သွင်းပေးဖို့လည်း ပြည်တွင်းအခွန်ဦးစီးဌာနက သုံးသပ်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေအစီရင်ခံစာနဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာ(၁၁/၂၀၁၈) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် စီမံဘဏ္ဍာဒုဝန်ကြီးက ရှင်းလင်းပြောခဲ့တာ ဖြစ်ပါတယ်။
“ထီဆုမဲများကို ကျပ်သိန်း ၂၀၀၊ ၃၀၀ စသည်ဖြင့် ဆုမဲများများ ခွဲဝေပေးရေး ဆွေးနွေးချက်နဲ့ စပ်လျဉ်းပြီးတော့ ကျနော်တို့ မှတ်သားထားရှိပြီးတော့ လိုအပ်သည်များကို သုံးသပ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။”
အောင်ဘာလေထီ စာအုပ် ၁၈သိန်းခွဲ ၀ယ်ယူဖို့ ပျက်ကွက်တဲ့ ထီကိုယ်စားလှယ်တွေရှိခဲ့ပြီး ၀ယ်ယူဖို့ ပျက်ကွက်ခဲ့တဲ့ ထီစာအုပ်တွေရဲ့ တန်ဖိုး ကျပ်သိန်း ၁၂၀၀ ကျော်ကို အစိုးရက သိမ်းယူခဲ့ပါတယ်။
အောင်ဘာလေထီလက်မှတ်ရောင်းအားဟာ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ကျဆင်းလေ့ ရှိပြီး ကျန်လတွေမှာ ထီအက္ခရာအလုံး ၅၀လောက်အထိ တိုးမြှင့်ရောင်းချရပါတယ်။
ထီရောင်းအားကောင်းတဲ့လတွေမှာ ထီဈေးတိုးမြှင့်ရောင်းချမှုတွေရှိခဲ့လို့ ပြည်တွင်းအခွန်က အခုလို အရေးယူခဲ့တာပါ။











