DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ကို စဉ်ဆက်မပြတ် စည်းရုံးနေဟု အန်အယ်လ်ဒီပြော
DVB
·
December 10, 2018
ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ကို စဉ်ဆက်မပြတ် စည်းရုံးနေဟု အန်အယ်လ်ဒီပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော် သဘောပေါက်လာအောင် စဉ်ဆက်မပြတ် စည်းရုံးလုပ်ဆောင်နေတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောကြား လိုက်ပါတယ်။

ဒီဇင်ဘာ ၉ ရက် ညနေက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဒေါက်တာမျိုးညွှန့်က ပြောဆိုခဲ့တာပါ။

“ဒီဟာကို ကျနော်တို့ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။ နိုင်ငံခြားက နိုင်ငံရေး အကဲဖြတ်တွေဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စွန့်လွှတ်ခြင်း မရှိဘူး၊ ဒါကြောင့်လည်း တပ်မတော်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုပြီးတော့ အများကြီး လိုက်လျောပြီးတော့ ဆက်ဆံနေတယ်ဆိုပြီး အဲ့ဒီလိုတောင်မှ အများကြီး စွပ်စွဲတာတွေရှိပါတယ်။ တပ်မတော်ရဲ့ ပါဝင်မှုက အင်မတန်ကို အရေးကြီးပါတယ်။ အဲ့တော့ တပ်မတော်ဟာ သဘောပေါက်လာအောင် ကျနော်တို့ စည်းရုံးပြီးလုပ်နေတာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးဆုံးလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်နေပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူလက်ထဲ အပ်မယ်ဆိုပြီး ကတိစကားကြာင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေက တခါတည်းပါလာမယ်လို့ ဆိုပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပြောခဲ့ကတိစကားရှိပါတယ်။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူတွေလက်ထဲ အပ်ပါမယ်ဆိုတဲ့ စကားရှိပါတယ်။ ငြိမ်းချမ်းရေးအပ်လိုက်ပြီးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တခါတည်း ပါလာမှာပါ” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လုပ်ရာမှာလည်း ပြည်သူတွေ မနစ်နာတဲ့ နည်းကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ ပါတီ အလုပ်အမှုဆောင် အစည်းအဝေးမှာ ပါတီစည်းကမ်းထိန်းသိမ်းရေးက အရေးယူဖို့ ကိစ္စတွေ၊ လူငယ်ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ အလုပ်သမားရေးရာ၊ လယ်ယာမြေကိစ္စတွေကို အဓိက ထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013