
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတာ ၅ နှစ်ပြည့်ချိန်မှာ တော်လှန်ရေးဟာ အချိုးအကွေ့တခုကို ရောက်ရှိနေပြီး နယ်မြေတချို့မှာ ဆုတ်ခွာမှုတွေရှိခဲ့တာကြောင့် PDF တွေ စစ်ရေးအရ တဖြည်းဖြည်း အရေးနိမ့်နေပြီလားဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ မြေပြင်မှာရှိနေတဲ့ တပ်မှူးတွေနဲ့ တာဝန်ရှိသူတွေကရော ဘယ်လိုတုံ့ပြန်ကြပါသလဲ။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာခရီးကို ပြန်ကြည့်ရင် PDF ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ အောင်မြင်မှုတွေရှိခဲ့သလို အရေးနိမ့်မှုတချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
အထူးသဖြင့် မကြာသေးခင်က တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြို့တွေကို ပြန်ပေး လိုက်ရတာတွေ၊ စစ်ဆင်ရေးနယ်မြေတချို့မှာ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး တော်လှန်ရေးအင်အားစုတွေ ပြိုကွဲနေပြီလားဆိုတဲ့ ဝေဖန်ချက်တွေ ရှိလာနေတာပါ။
ဒီဝေဖန်ချက်တွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ရတဲ့အခါ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်အောင် ဆုတ်ခွာ ပေးလိုက်ရတဲ့ မြေပြင်အမှန်တရားတွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စတင်ဖွဲ့စည်းတည်ထောင်တဲ့ ၅ နှစ်ပြည့်နေ့မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင် အမှန်တရားတွေ ရှိခဲ့ပါတယ်။ ဒါဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို၊ ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလည်း ဖြစ်ပါတယ်"လို့ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MDY-PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းကနေတဆင့် မန္တလေးမြို့နဲ့ ကပ်နေတဲ့ မတ္တရာဒေသအထိ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ပြီး စစ်အာဏာရှင်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တနှစ်ကျော်အကြာမှာ တရုတ်ဖိအားကြောင့် နယ်မြေစိုးမိုးမှုအချို့ ပြန်လည်လက်လွှတ်ခဲ့ ရတာဟာ တော်လှန်ရေးအရှိန်အဟုန် ကျဆင်းသွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေကို ပြည်သူတွေကြား မြင့်တက်စေခဲ့ပါတယ်။
မန္တလေး PDF က ဒေါက်တာစိုးသူရဇော်ကတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကိုယ်ထူကိုယ်ထစနစ်နဲ့ အရေအတွက်အင်အားကို အဓိကထားခဲ့ရတဲ့ ကာလဖြစ်ပေမဲ့၊ အခုလက်ရှိ ကူးပြောင်းလာတာက အရေအတွက်ထက် အရည်အချင်းနဲ့ ခိုင်မာတဲ့ စနစ်ယန္တရားကို အခြေခံတဲ့ ဗျူဟာကို ရောက်နေပြီလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သုံးသပ်ထားပါတယ်။
ဒါကြောင့် နယ်မြေတချို့ကို ပြန်ပေးလိုက်ရတာဟာ စစ်ရေးအရ ရှုံးနိမ့်တာထက် စစ်တိုက်နိုင်တဲ့ ယန္တရားကို အသုံးချပြီး ရန်သူကို မဟာဗျူဟာမြောက် ခြွေစစ်နဲ့ ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း အမိန့်ပေးစနစ်တွေ ပျက်ပြားပြီး တပ်ပျက်နေပြီဆိုတဲ့ ဝါဒဖြန့်ချိမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်တွေဟာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကွာခြားနေတယ်လို့ တော်လှန်ရေးအင်အားစု တွေက တုံ့ပြန်ပါတယ်။
ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP အတွင်းရေးမှူး (၂)၊ ဦးအောင်ဆန်းမြင့်က "ကျနော်တို့ ကရင်နီမှာကတော့ လုံးဝကြီး ၁၀၀ ရာခိုင်နှုန်းပေါ့၊ စစ်တပ်ကနေမှ သိမ်းသွားနိုင်တယ်၊ Control လုပ်နိုင်တယ်ဆိုတဲ့ နယ်မြေမရှိဘူး။ တချို့နေရာတွေကျတော့ သူတပြန် ကိုယ်တပြန်ပဲ၊ သူတက် လိုက် ကိုယ်တက်လိုက်နဲ့ ဒီလိုပုံစံမျိုးပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းလားမသိဘူး၊ သူတို့ လူ ၅၀၀ လောက် အလင်းဝင်တယ် ဘာညာဆိုတာလည်း ဒါက လုပ်ကြံပြီးတော့မှ ဝါဒဖြန့်ချိရေးပဲ ဖြစ်တယ်။ ဒီမှာ ကိုယ့်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စိစစ်လိုက်တော့လည်း ဒီလိုမျိုး ဝင်သွားတာမျိုး လည်း မရှိဘူး။ ကျနော်တို့ထဲမှာဆိုရင် ဒီ့ထက် ပိုပိုပြီးတော့မှ တပ်တွေကို ပြန်စုဖွဲ့တာတွေ လုပ်လာ နိုင်တယ်"လို့ ပြောပါတယ်။
ယောဒေသမြေပြင်ရဲဘော်တယောက်ရဲ့ အဆိုအရ တပ်ဖွဲ့တွေမှာ ကြုံလေ့ကြုံထရှိတဲ့ တပ်ပြေးမှု တချို့ ရှိနိုင်ပေမဲ့ ဒါဟာ ဖွဲ့စည်းပုံပျက်သွားတဲ့အထိ တပ်ပျက်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် စစ်တပ်ရဲ့ ထိုးစစ်ကို မခုခံနိုင်လို့ ဆုတ်ခွာတာမျိုးထက်၊ ရန်သူ့အင်အားကို ပြန်လည် ခြေမှုန်းဖို့ ဗျူဟာမြောက် 'ခွာစစ်' ဆင်နေတာသာဖြစ်တယ်လို့ လက်ရှိစစ်ရေးတွေအပေါ် သုံးသပ် ပါတယ်။
စစ်အာဏာရှင်တပ်က ၂၀၂၄ ဖေဖော်ဝါရီကနေစပြီး ၂ နှစ်ကျော်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ မြို့တွေထဲက ၂၁ မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
မောရစ်










