
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) မှာ ဧရာဝတီတိုင်းက ဗိုလ်လောင်းတယောက် ဗိုလ်လောင်းအကြီးတွေရဲ့ ဝိုင်းဝန်းထိုးကြိတ်တာခံရပြီး သေဆုံးသွားတယ်လို့ စစ်တက္ကသိုလ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူမှာ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ကနေ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ဗိုလ်လောင်းသိန်းဟန် ဖြစ်ပြီး ဧပြီ တတိယအပတ်လောက်က စီနီယာဗိုလ်လောင်းတွေရဲ့ ဝိုင်းဝန်းထိုးကြိတ်တာ ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ်နဲ့ နီးစပ်သူတယောက်က “သေဆုံးမှုက မှန်ကန်ပါတယ်။ သေဆုံးသူ ဗိုလ်လောင်းက စစ်တက္ကသိုလ်မှာ တာဝန်ပေးခံရတာနဲ့ ခွဲခြားဆက်ဆံခံရတဲ့ ကိစ္စတွေနဲ့ ပြန်ပြောမိတာကြောင့် စီနီယာဗိုလ်လောင်းတွေက ဝိုင်းထိုးကြပြီး သေဆုံးသွားတာ” လို့ ပြောပါတယ်။
ထိုးကြိတ်တာခံရပြီး သေဆုံးသွားတဲ့ ဗိုလ်လောင်းသိန်းဟန်ဟာ အစာအိမ်ရောဂါရှိတာကြောင့် ဝမ်းဗိုက်ခွဲစိတ်မှုခံယူထားဖူးသူဖြစ်ပြီး ပြင်းထန်တဲ့ ဝိုင်းဝန်းထိုးကြိတ်တာခံရတဲ့အတွက် အခုလို အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားတာလို့ ဆိုပါတယ်။
ဗိုလ်လောင်းသိန်းဟန် ထိုးကြိတ်ခံရတာကြောင့် သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစုတွေဘက်က စနစ်တကျ စစ်ဆေးဖြေရှင်ပေးဖို့ စစ်တပ်ဆီ တင်ပြထားပေမဲ့ စစ်တက္ကသိုလ်ဘက်ကဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို သတင်းထုတ်ပြန်တာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလလောက်ကလည်း ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ ပထမနှစ် ဗိုလ်လောင်းတယောက် အရာရှိတချို့နဲ့ ဗိုလ်လောင်းအကြီးတွေရဲ့ ဝိုင်းဝန်းရိုက် နှက်တာခံရပြီး သေဆုံးသွားပါတယ်။











