နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ ဧမာနွေလဘုရားကျောင်း ပြန်လည်ပြုပြင်ဖွင့်လှစ်ပွဲ ကျင်းပ

နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ မိုးညှင်းမြို့က အင်္ဂလီကန် ဧမာနွေလ ဘုရားကျောင်း ပြန်လည်ပြုပြင်တည်ဆောက်ဖွင့်လှစ်ပွဲကို ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
“လွတ်လပ်ရေးရချိန်မှာ အင်္ဂလိပ်တွေက ဒီဘုရားကျောင်းကို ရန်ကုန်သာသနာပိုင်ချုပ်ကို အပ်ပြီးပြန်သွားခဲ့ကြတာ။ ခုဆို နှစ် ၁၀၀ လည်းပြည့်တော့မှာ။ ကချင်ပြည်နယ်မှာ သာသနာစဝင်တဲ့ ကျောင်းဖြစ်တဲ့အတွက် ခုလို ကြီးကြီးကျယ်ကျယ်ဖွင့်ပွဲလုပ်တာ။ ခုချိန်ထိ အင်္ဂလန်ကနေ ခရစ္စမတ်လက်ဆောင်တွေ ပို့ပေးနေဆဲပါ” လို့ အသင်းတော်အတွင်းရေးမှူး ဦးဖန်းအောင်က ပြောပါတယ်။
ဒီဘုရားကျောင်းကို ၁၉၃၇ ခုနှစ်မှာ BISHOP WEST က အုတ်မြစ်ချခဲ့ပြီး ၁၉၃၈ မှာ ပြီးစီးကာ နှစ်ပေါင်း ၈၁ နှစ်သက်တမ်းရှိပြီလို့ သိရပါတယ်။
မိုးညှင်းမြို့မှာ တကျောင်းတည်းရှိပြီး မြန်မာမှာတော့ သာသနာပိုင်နယ် ၈ နယ်ရှိတယ်လို့ သိရပါတယ်။
ပြန်လည်ပြုပြင်ဆောက်ရာမှာ ကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျခဲ့ပြီး ပါဝင်လှူဒါန်းခဲ့ အလှူရှင်း အယောက် ၆၀ ကိုလည်း ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့ပါတယ်။
ဘုရားကျောင်းဖွင့်ပွဲကို အခမ်းအနားကို ရန်ကုန်မြို့မှ သာသနာပိုင်ချုပ် စတီဗင်သန်းမြင့်ဦးအပါဝင် မြစ်ကြီးနား၊ မန္တလေး၊ ဘားအံ၊ စစ်တွေ၊ တောင်ငူ စတဲ့ သာသနာပိုင် ၆ နယ်မှ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
မုန်းမုန်းမင်း











