DVB Logo
Home
မြန်မာသတင်း
သာသနာရေးဝန်ကြီးကို အကြီးအကဲများ ခေါ်ယူသတိပေး
DVB
·
December 8, 2018
သာသနာရေးဝန်ကြီးကို အကြီးအကဲများ ခေါ်ယူသတိပေး
Donate to DVB

အခြားဘာသာကြီးတခုလို့ သုံးနှုန်းပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

နေပြည်တော်ရှိ သမ္မတရုံးမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

“ဒီဟာကတော့ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာနက သူပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ထုတ်ထားတယ်လို့ သိရပါတယ်။ ပြောကြားခဲ့တဲ့ ကိစ္စကတော့ အကြီးအကဲတွေ ခေါ်ယူတွေ့ဆုံပြောထားပြီးပြီ ဖြစ်တယ်။ အဓိကကတော့ ကျနော်တို့ ဌာနဆိုင်ရာ မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားတဲ့အခါမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒကို ကင်းလွတ်လို့မရဘူး၊ ပုဂ္ဂလိက တဦးချင်း ပြောကြားချက်နဲ့ နိုင်ငံတော်ရဲ့ မူဝါဒ ခွဲခြားသိဖို့လိုတယ်။ ကျနော်တို့ ဆိုင်ရာဆိုင်ရာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြောကြားရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်လို့ ဖြေချင်တယ်။”

အကြီးအကဲ ဘယ်သူတွေက ခေါ်ယူတွေ့ဆုံခဲ့တယ်ဆိုတာတော့ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဝန်ကြီး သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က မြိုင်ကြီးငူဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားမှာ တခြားဘာသာကြီးတခုက ဇနီး ၃ / ၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ဆရာတော်တွေကို လျှောက်ထားခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်တွင်း မွတ်စလင်တွေကို ရည်ညွှန်းတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေကို ဆိုလိုတာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က မီဒီယာတွေကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ဝန်ကြီး သူရဦးအောင်ကို ပြောကြားခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်း    ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဒုက္ခသည်တွေ ပြန်လာရေးအတွက် နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေကို ဦးစားပေးခေါ်ယူလိုကြောင်းလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013