
မြန်မာနိုင်ငံဟာ ခေတ်စနစ်တခုကို ကူးပြောင်းဆောင်ရွက်နေတဲ့ကာလမှာ အကြီးဆုံး စိန်ခေါ်မှုကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပဲ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ဒီဇင်ဘာ ၇ရက်က ရန်ကုန်မြို့ရှိ Rose Garden Hotel မှာပြုလုပ်တဲ့ အဂတိလိုက်စား မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
“ကျနော်တို့ မြန်မာနိုင်ငံဟာ ခေတ်စနစ်တခုကို ကူးပြောင်းဆောင်ရွက်နေတဲ့ ကာလမှာ ရုန်းကန်လှုပ်ရှားမှုတွေ၊ စိန်ခေါ်မှုတွေ များစွာရှိပါတယ်။ ဒီစိန်ခေါ်မှုထဲမှာ အကြီးဆုံးစိန်ခေါ်မှု ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပဲ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ခေတ်စနစ် အမျိုးမျိုးကြားမှာ ဌာနဆိုင်ရာတွေ၊ စီးပွားရေးနယ်ပယ်တွေ၊ လူမှုနယ်ပယ်တွေ အားလုံးဟာ ခေတ်စနစ်ရဲ့ ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေအတိုင်း ဆောင်ရွက်ခဲ့ကြတာတွေ များစွာရှိခဲ့ပါတယ်။ ဒီအခြေအနေတွေ အားလုံးကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ နိုင်ငံတခု ထူထောင်နိုင်ဖို့၊ ပြုပြင်ပြောင်းလဲတဲ့ စီးပွားရေးစနစ်တစ်ခု ထူထောင်နိုင်ဖို့၊ ခိုင်မာတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ ဒီကဏ္ဍတွေကို ကြိုးပမ်းဆောင်ရွက်မယ့်နေရာမှာ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်ခဲ့ဘူးဆိုရင် ဒီနယ်ပယ်တွေ အားလုံးကို ပြန်လည်ထူထောင်ဖို့ ခက်ခဲပါတယ်” လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ခေတ်စနစ်ကို ပြောင်းလဲကြရတဲ့အခြေအနေမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအားလုံးကို ကြုံဆုံကြရမှာ ဖြစ်ပြီး ဒီကြုံဆုံမှုတွေ အားလုံးကို ညီညီညွတ်ညွတ်နဲ့ အဂတိတိုက်ဖျက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေတွေကို ရောက်လာမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။











