DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် အမျိုးသမီးချင်း ထိမ်းမြားလက်ထပ်မင်္ဂလာပွဲ ထပ်မံကျင်းပ (ရုပ်သံ)
DVB
·
December 7, 2018
ပြည်မြို့တွင် အမျိုးသမီးချင်း ထိမ်းမြားလက်ထပ်မင်္ဂလာပွဲ ထပ်မံကျင်းပ  (ရုပ်သံ)
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ  အမျိုးသမီးချင်းလက်ထပ်တဲ့ ဒုတိယမြောက် မင်္ဂလာပွဲတခုကို  ရွှေဟင်္သာအနောက်ပေါက်လမ်းက ရွှေဟင်္သာဓမ္မာရုံမှာ ဒီဇင်ဘာ ၆ ရက် ညနေ က ကျင်းပခဲ့ပါတယ်။

ဒီမင်္ဂလာပွဲကို ဒေသပုံစံအတိုင်း ပြုလုပ်ခဲ့ကြပြီး ဧည့်သည်တွေကိုလည်း ကိတ်မုန့်နဲ့ လက်ဖက်ရည် ဧည့်ခံခဲ့ကြပါတယ်။

ဒီလိုမင်္ဂလာမဆောင်ခင်က မိဘတွေသဘောမတူမှာစိုးရိမ်ပြီး ခိုးပြေးခဲ့ကြတယ်လို့ မင်္ဂလာစုံတွဲက ပြောပါတယ်။

သတို့သား မောင်အောင်အောင်က “ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဘယ်လိုပဲပြောပြော လူဆိုတာ ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ပေါ့။ သူတို့ပြောတာကို မကြားချင်ယောင်ပဲ ဆောင်နေ လိုက်တယ်။ သူတို့ကို လိုက်ကြည့်နေလို့ ကိုယ့်အတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ အလုပ်ရုံရော ပတ်ဝန်းကျင်ကရော ပြောကြတယ်။ ဒါပေမယ့် နှစ်ယောက်လုံး ဘယ်သူ့စကားမှ နားမယောင်ခဲ့ပါဘူး။ တယောက်နဲ့တယောက် ချစ်တဲ့စိတ်နဲ့ပဲ လက်တွဲခဲ့ကြပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှု ကွဲပြားခံယူထားသူတွေရဲ့ လိမ်တူခြင်း ထိမ်းမြားလက်ထပ်မှု တွေဟာ  ဥပဒေကြောင်းအရ တရားဝင်တာတော့ မရှိသေးပါဘူး။
ဒါကိုလည်း လက်မခံနိုင်သေးတဲ့ လူမှုအသိုင်းအဝိုင်းတွေက ရှိနေသေးပါတယ်။  အသက် ၁၇ အရွယ် သတို့သမီးကတော့ ပတ်ဝန်းကျင်က ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
သတို့သမီး မပိုးအိကျော်ဝင်း က “အမေကတော့ ဘာမှမပြောပါဘူး။ ယူတော့မယ်ဆိုတော့ ပထမတော့ သဘောမတူဘူးပေါ့။ နောက်တော့ သမီးစိတ်ချမ်းသာဖို့ သဘောတူလိုက်ပါတယ်။ ပတ်ဝန်းကျင်က ပြောတာတွေကိုတော့ ဘာမှပြန်မပြောဘဲ မကြားချင်ယောင် ဆောင်နေလိုက်မယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။
ပြည်မြို့မှာ အခုဆိုရင် အမျိုးသမီးချင်းလက်ထပ်တဲ့ လိမ်တူချစ်သူတွေမင်္ဂလာပွဲက နှစ်ပွဲဖြစ်ခဲ့ဖူးပြီး အမျိုးသားချင်း စုံတွဲတွေကလည်း အခုလိုမင်္ဂလာဆောင်ချင်နေကြပေမယ့် ပုဒ်မ ၃၇၇ ကြောင့် မလုပ်ကိုင်ရဲကြဘူးလို့  မင်္ဂလာပွဲ စီစဉ်သူ တယောက်က ပြောပါတယ်။
LGBTအရေးဆောင်ရွက်သူ ကိုငြိမ်း က “ဝန်ထမ်းတွေထဲမှာပဲဖြစ်ဖြစ် ကျနော်တို့ အပြင်လောကမှာပဲ ဖြစ်ဖြစ် လင်မယားဘ၀နဲ့ အတူတူ နေသွားတာမျိုးတွေရှိတယ်။ ရှိပေမယ့် ဥပမာ ဝန်ထမ်းဆိုပါစို အသက် ၆ဝ ပြည့်ရင် ပင်စင်ပေးတယ်။ သူနဲ့အတူနေတဲ့ လက်တွဲဖော်က သူသေသွားရင် မိသားစုပင်စင် မခံစားရဘူး။ ဒါဟာ ကျနော်တို့အနေနဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေတာ။ နောက်တခုက ကျနော်တို့ ရပ်ရွာထဲမှာ အတူတူလုပ်ကိုင်စားသောက်ကြတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ကွဲကွာခဲ့ရင် ပစ္စည်းခွဲဝေမှု အနေအထား မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ တရားဝင်လက်ထပ်ခွင့်မရလို့။ ကျနော်တို့မှာ ဆုံးရှုံးနေတဲ့အရာတွေ အများကြီးပဲ။ လက်ထပ်ခွင့်ဆိုတာလည်း ကျနော်တို့က ထူးခြားပြီးတောင်းဆိုနေတာလည်း မဟုတ်ဘူးဗျ။ လူအနေနဲ့ကြည့်မယ်ဆိုရင် ဒါဟာ အခြေခံအခွင့်အရေးပဲ။ အရွယ်ရောက်လာရင် လူတိုင်းက အိမ်ထောင်ပြုမှာပဲ။ အဲဒီ အခြေခံအခွင့်အရေးလေးကို တန်းတူရချင်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း ပြည်မြို့နယ် ပန်းတင်ကျေးရွာမှာ လိင်တူချင်း ချစ်ကြိုက်သူနှစ်ဦးက လူအများကိုဖိတ်ကြား ကျွေးမွေးဧည့်ခံပြီး ဘိသိက်မြှောက်ပြီး မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013