အစိုးရနဲ့အပစ်ရပ်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်လို့ အစိုးရက ရက်အတန်ကြာ ရွှေ့ဆိုင်းခဲ့တဲ့အတွက် စက်တင်ဘာ ၃ ရက်နေ့ မနက်က ဖွင့်လှစ်တဲ့ ဆက်ဆံရေးရုံး ဖွင့်ပွဲကို နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ အေအယ်လ်ပီ ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ရုံးဖွင့်ပြီး လုပ်ဆောင်ရမယ့် အလုပ်တွေနဲ့ ပတ်သက်လို့ ဒေါ်စောမြရာဇာလင်းက “ပထမဆုံး လုပ်ရမယ့် အလုပ်က နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ကြားမှာ လိုအပ်တာတွေ ညှိနှိုင်း ဆောင်ရွက်တာတွေ လုပ်ရပါမယ်။ ဒုတိယကတော့ ရခိုင်ပြည်သူလူထု တရပ်လုံးအတွက် လိုအပ်နေတဲ့ကိစ္စတွေ ရှိပါမယ်။ သတင်းအချက်အလက် စုဆောင်းတာ ရှိမယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို မိခင်အဖွဲ့အစည်းကို ပုံမှန် အစီအရင်ခံနေရမှာ ဖြစ်ပါတယ်။”
ရုံးဖွင့်ပွဲကို အနီးပတ်ဝန်းကျင်မြို့တွေက ရခိုင်လူထုအပါအ၀င် လူပေါင်း ၁၀၀၀ လောက် တက်ရောက်တယ်လို့ ပြောပါတယ်။
သတင်းတွေကို ရခိုင်လူထုအကြာ ဖြန့်ဝေဖို့နဲ့ လူထုအကြား စာဖတ်ရှိန်မြင့်တင်ရေး လုပ်ငန်းတွေ၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပါတီဆက်ဆံရေးရုံးတွေကို စစ်တွေ၊ မောင်တော၊ ပလက်ဝနှင့် ရန်ကုန်၊ မြ၀တီ စတဲ့နေရာတွေမှာလည်း ဖွင့်လှစ်ဖို့ ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးဖော်ထုတ် အစီရင်ခံဖို့ သမ္မတ ဖွဲ့စည်းပေးတဲ့ ကော်မရှင်အဖွဲ့ကိုလည်း အချက်အလက်တွေ တင်ပြဖို့ ရှိတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ကျမတို့ရုံးကို အကြောင်းကြားတာရှိရင်တော့ ကျမတို့ ရုံးက ဒီကော်မရှင်အပေါ်မှာ ပြောသင့်ပြောထိုက်တာတွေကို ပြောကြပါလိမ့်မယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအပါအ၀င်ပေါ့လေ။ တချို့ တချို့သော ရခိုင်တိုင်းရင်းသားပါတီတွေနဲ့ ရခိုင်တမျိုးလုံးအတွက် အလုပ်လုပ်နေကြတဲ့ အခြား အခြားသောပါတီတွေကလည်း သူတို့အနေနဲ့ တွေးကြပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်ရဲ့ အေးချမ်းသာယာရေးနဲ့ ရခိုင်ပြည်သူလူထုတခုလုံးရဲ့ အနာဂတ်အရေးကို မျှော်ကိုးပြီးတော့ လုပ်ကြလိမ့်မယ်လို့ ယုံကြည်တယ်။”
ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ပြဿနာဟာ ရခိုင်ပြည်ပြဿနာ သက်သက်မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို ၁၉၇၃ ခုနှစ်မှာ ဖွဲ့စည်းပြီး အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပါတယ်။











