DVB Logo
Home
မေးမြန်းခန်း
ဝတပ်ဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်ကို မေးမြန်းချက်
DVB
·
September 4, 2012
ဝတပ်ဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်ကို မေးမြန်းချက်
Donate to DVB

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်မှာ အရင်ကထက် လုံခြုံရေးတင်းကျပ်ထားမှု၊ အပစ်အခတ် ရပ်စဲပြီးကာလအခြေအနေ၊ နိုင်ငံရေးဆွေးနွေးမှု၊ ရှမ်းတပ်သားတွေ ဖမ်းဆီးထားမှုကိစ္စတွေနဲ့ ပတ်သက်လို့ ၀တပ်ဖွဲ့ပြောခွင့်ရ ဦးအောင်မြင့်ကို မေးမြန်းထားပါတယ်။



[caption id="attachment_29251" align="alignright" width="300" caption="ဦးအောင်မြင့်"][/caption]

စာသင်ကျောင်းတွေဖွင့်တာ ပုံမှန်လည်ပတ်နေပြီလား။

“ပုံမှန်တော့ လည်ပတ်နေပြီ။ မနှစ်က နိုင်ငံတော်က ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ သူတို့အားလုံးပြန်လာကြတယ်လေ။ ပြန်လာတော့ ကျောင်းတွေအားလုံး ပုံမှန်ဖြစ်နေပြီ။ ဆေးပေးခန်းတွေလည်း ပုံမှန်ဖြစ်နေပြီ။”

အပစ်ရပ်ကြတဲ့ အဖွဲ့တွေအားလုံးထဲမှာ မွန်၊ ၀ တို့က တည်တည်ငြိမ်ငြိမ်နဲ့ ရှိတာတွေ့ရတယ်။ ရှမ်းဆို အပစ်အခတ် ရှိတယ်လို့ ကြားရတယ်။ ဦးအောင်မြင့်တို့ ၀အဖွဲ့မှာရော နယ်မြေကျော်တယ်ဆိုပြီး နားလည်မှုလွဲ ပစ်တာခတ်တာရှိပါလား။

“မရှိပါဘူး။ ကျနော်တို့နယ်မြေကလည်း တိတိကျကျ ရှိတယ်လေ။ နယ်မြေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက သူ့နယ်မြေ၊ ကိုယ့်နယ်မြေဆိုပြီး တိတိကျကျရှိတယ်လေ။ ဟိုဘက်ကျူးသွားလွန်သွားတာ၊ ဒီဘက်ကို လွန်ထွက်လာတာ မရှိပါဘူး။”

အပစ်အခတ်ရပ်စဲရေး ပြန်လုပ်တဲ့အခါ ယူဒဗလျူအက်စ်အေက အစောပိုင်းကာလမှာ လုပ်တာတွေ့ရတယ်၊ ကေအန်ယူဆို အခုမှ ဆွေးနွေးတုန်းရှိသေးတယ်။ ယူဒဗလျူအက်စ်အေအနေနဲ့ နိုင်ငံရေးခြေလှမ်းတွေ၊ ဆွေးနွေးပွဲတွေ ဘယ်တော့လောက် စမလဲ။ ဘယ်လိုမျိုး ပြင်ဆင်ထားလဲ။ ဘာတွေလုပ်နေကြလဲ။

“နိုင်ငံတော်မှာ အလုပ်များနေတော့ သူတို့လည်း ခဏရပ်ထားတာရှိတယ်။”

အဆက်အသွယ် ဆက်သွယ်ရေး ဆက်သားတွေတော့ ရှိမှာပေါနော့်။

“ရှိတယ်။ ဆောင်ရွက်မှုတွေ ပြန်လာ သတင်းပို့ကြတာ ရှိပါတယ်။”

ယူဒဗလျူအက်စ်အေတောင်ပိုင်းမှာ လုံခြုံရေးတင်းကျပ်နေတာ ဘာဖြစ်လို့လဲဗျ။ ဒေသခံတွေ ဒုက္ခရောက်တယ်ဆိုပြီး ကျနော်တို့ အသံလွှင့်ဌာနကို ပြောလို့ပါ။

“တချို့ကလည်း ပြောတာတွေ ရှိပါတယ်။ အဓိကက လွန်ခဲ့တဲ့ ကာလက အာစီအက်စ်အက်စ် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) အဖွဲ့က ကျနော်တို့ နယ်မြေတွေကို ကျွံတာတို့၊ မပြောမဆိုနဲ့ ကျနော်တို့ တပ်စခန်းအောက်မှာ တပ်စခန်းဆောက်တာတို့၊ ကျနော်တို့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ဆက်သွယ်နေတဲ့ ကားလမ်းမကို လာပြီး ပိတ်တာတို့၊ ခြံစည်းရိုးခတ်တာတို့ လုပ်လို့ပါ။”

အဲဒါကြောင့် ယူဒဗလျူအက်အေက ပြန်ပြီး တင်းကျပ်ရတာလား။

“ဟုတ်ပါတယ်။ အာစီအက်စ်အက်စ်ကိုလည်း ပြောပါတယ်။ သူတို့အဖွဲ့ဝင်တွေကိုလည်း ပြောတယ်။ ဒီကိစ္စတွေကို အခု အခြေအနေမျိုးမှာ သူ့နယ် ကိုယ့်နယ်ကို မကျော်ဖို့၊ မလွန်ဖို့ပေါ့။ အားလုံးက ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေဖြစ်နေတယ်။ နိုင်ငံတော်တည်ဆောက်ရေးမှာ၊ ရှမ်းပြည်ပြန်လည် တည်ဆောက်ရေးမှာ နောင်လည်း အတူတူ သွားကြမယ့်ကိစ္စတွေပါ။ အခုလို အခြေအနေအောက်မှာ ကိုယ့်စည်း သူ့စည်းလေးကို ထိန်းဖို့ထက် ရှိဖို့ကိုလည်း ပြောထားပါတယ်။”

အာစီအက်စ်အက်စ်က ထိန်းသိမ်းထားတဲ့သူတွေကို လွှဲပေးလိုက်ပြီလားဗျ။

“ကျနော်နောက်ဆုံးကြားတာက သူတို့ကို ကောင်းကောင်းမွန်မွန်ထားပါတယ်။ ဖမ်းဆီးချုပ်ထားတာ မဟုတ်ဘူး။ ခေါ်ထားတာ။ မူဘောင်အရ လူကြီးတွေ အချင်းချင်း ဆွေးနွေးဖို့ပေါ့။ ခဏ ခေါ်ထားတာလောက်ပါပဲ။ ”

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အစည်းအဝေးကို ပြည်ပမှာကျင်းပမယ်ဆိုတော့ တိုင်းရင်းသားတွေရဲ့ အသံ တသံတည်း ထွက်မယ်ဆိုပြီး ကြိုးပမ်းနေတာ တွေ့တယ်။ အဲဒီထဲမှာ ယူဒဗလျူအက်စ်အေကနေ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မယ်လို့ ပြောနိုင်လဲ။

“ဒီကိစ္စကတော့ မပြောနိုင်သေးဘူး။ သွားရာ ရည်မှန်းချက်တွေကတော့ အတူတူပါပဲ။ ဒါပေမယ့် ဒါက တိတိကျကျတော့ ကျနော်လည်း ပြောလို့မရဘူး ဖြစ်နေတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013