
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ လူသတ်မှု၊ ယာဉ်တိုက်မှုတို့အတွက် ပြစ်မှု၊ ပြစ်ဒဏ်တွေကို အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DELPS က ပြီးခဲ့တဲ့ မတ်နောက်ဆုံးအပတ်က ထုတ်ပြန်ထားပါတယ်။
မုဒိမ်းကျင့်ဖို့ ကြံစည်အားထုတ်မှု (သို့) ကျူးလွန်သူတွေကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ အများဆုံးချမှတ်မှာဖြစ်သလို သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၇၆(၃) အရ ထောင်ဒဏ် တသက်ကနေ ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်သွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး လက်ဝယ်ထားမှု၊ သုံးစွဲရောင်းချသူတွေကိုလည်း ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ မူးယစ်ဆေးဝါး ရောင်းချတာ၊ သယ်ယူပို့ဆောင်တာ၊ လယ်ဝယ်တွေ့ရှိတာကို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ချမှတ်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်တာ၊ ဖြန့်ဖြူးရောင်းချတာတွေ ပြုလုပ်ကြောင်း ထင်ရှားစွာ တွေ့ရှိရင် ပုဒ်မ ၂၀(က) အရ ထောင်ဒဏ်အနည်းဆုံး ၁၅ နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့ သေဒဏ်တွေကို ချမှတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လူသတ်မှု ပြစ်မှုတွေအတွက်လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁) အရ ထောင်ဒဏ်နှစ် ၂၀ စီရင်ခြင်းခံထားရစဉ် (သို့) တင်ကူးကြံရွယ်ချက် (သို့မဟုတ်) ထိုရာဇသတ်ကြီးအရ ၇ နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်းကို ခံထိုက်တဲ့ ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်ရင် အဲဒီလူကို သေဒဏ်ချမှတ်ရမှာဖြစ်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) အရလည်း လူသတ်မှု ကျူးလွန်သူကိုထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်ထိ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမှာဖြစ်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ DELPS က ပြောထားပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ DELPS တပ်ဖွဲ့ရဲ့ ဥပဒေစိုးမိုးရေးနဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ချပြဆောင်ရွက်တာဟာ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်မှုအပေါ် အများကြီး သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မြောက်ဦးမြို့ခံ အသက် ၄၀ အရွယ် အမျိုးသားတယောက်က ပြောပါတယ်။
“DELPS ဘက်တော့ အခုရက်ပိုင်း ဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ဆက်တိုက် ချပြလာတာ ရှိတယ်။ ဒီဟာတွေက နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို အများကြီး အထောက်အပံ့ဖြစ်စေတယ်။ နောက် ပြစ်မှု၊ ပြစ်ဒဏ် ချပြလာတာတွေက ကျူးလွန်သူတွေနဲ့ ကြံစည်သူတွေအပေါ် အရေးယူမဲ့ တိကျပြတ်သားတဲ့ ဥပဒေပုဒ်မတွေ သိရှိရတာကြောင့် ပြည်သူတွေအတွက် ဥပဒေရေးရာ တိုင်ကြား အမှုဖွင့်မှုတွေမှာ အများကြီး သက်ရောက်မှုရှိနိုင်တယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး DELPS က တင်းတင်းကျပ်ကျပ် အရေးယူမှုတွေ ပြုလုပ်လာနေသလို အချိန်နဲ့တပြေးညီ ပြည်သူတွေဆီကို ချပြတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်မှာ စစ်ဆင်ရေးတွေကို အဓိက ဆောင်ရွက်ရတာဖြစ်ပြီး DELPS က ဒေသတွင်း ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အဓိက လုပ်ကိုင်ကြရတာလည်း ဖြစ်ပါတယ်။








