
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ တပြိုင်နက်တည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာ၊ ကုန်းတန်းကြိမ်းချောင်း၊ မက္ကလာကျကျေးရွာနဲ့ စစ်တွေမြို့နယ် ညိုရောင်ကျေးရွာ၊ မင်းလှကျေးရွာနဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး (မွတ်စလင်ရွာ)နဲ့ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး (ရခိုင်ကျေးရွာ) အနီးတို့ကို စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်က စတင်ပြီး ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ အကြိမ် ၃၀ လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ ကွမ်းတောင်ကျေးရွာ၊ မက္ကလာကျကျေးရွာနဲ့ ကုန်းတန်းကြိမ်ချောင်းကျေးရွာ အနီးတွေကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ဂျက်တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“နေ့လယ် ၁ နာရီခွဲက စပြီး ကွမ်းတောင်နဲ့ မက္ကလာကျ၊ ကုန်းတန်းကြိမ်ချောင်း ကျေးရွာအနီးတွေကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ ဗုံး ၅ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တယ်။ အခုလည်း ဂျက်ဝဲနေတုန်းပဲ။ တိုက်ပွဲမရှိဘဲ လာတိုက်ခိုက်နေတာ။ ကျမတို့ရွာနဲ့ အရမ်းနီးတော့ ဗုံးခိုကျင်းတွေမှာ ဝင်ပုန်းနေကြရတယ်။ မက္ကလာကျနဲ့ ကြိမ်ချောင်းရွာက လူတွေနေကြတော့ အထိအခိုက်တွေ များနိုင်တယ်။”
စစ်တွေမြို့နယ်က ကျေးရွာတွေက မင်းလှနဲ့ ညိုရောင်ချောင်းကျေးရွာတွေမှာ ကျေးရွာသားတွေ စစ်ဘေးရှောင်နေကြရတာကြောင့် ထိခိုက်မှု မရှိနိုင်ပေမဲ့ ရသေ့တောင် မိုးစဲကျွန်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး ကျေရွာတွေမှာ ဒေသခံတွေ နေထိုင်ကြသေးတာကြောင့် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်နေကြတာ တလနီးပါး ကြာမြင့်နေပြီဖြစ်ပြီး စစ်အာဏာရှင်တပ်က စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင် မြို့နယ်တွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် တောင်ပိုင်းက ဂွမြို့နယ် ကျိန္တလီမြို့အနီးနဲ့ သံတွဲမြို့နယ် ငပလီမြို့အနီး တောင်တန်းတွေကိုလည်း စက်တင်ဘာ ၃ ရက် မနက် ၁၁ နာရီကစပြီး ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ရေကြောင်း၊ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်ဘက်က သတိပေး တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်ရေတပ်က လက်နက်ကြီး ပစ်ခတ်နေတာ အလုံးရေ ၂၀ ကျော်အထိ ရှိလာနေပြီဖြစ်ပြီး လူတိုင်း ကတုတ်ကျင်း၊ ဗုံးခိုကျင်းတွေထဲမှာ ဝင်နေကြရတယ်လို့ ငပလီဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“၁၁ နာရီကတည်းက နေဗီကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာဗျာ။ ဘယ်နားတွေမှာ ကျလဲဆိုတာတော့ အတိအကျ မသိရသေးဘူး။ အခုလည်း ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေထဲ ဝင်ပုန်းနေကြရတယ်။ သံတွဲနဲ့ ဂွဒေသခံတွေကတော့ ရေကြောင်းရော၊ လေကြောင်းပါ အထူးသတိထားနေကြရတယ်။ နေဗီတွေ ရှိနေတာကြောင့်လည်း ဘာမှ လုပ်ကိုင်စားသောက်လို့ မရကြဘူး။”
စစ်အာဏာရှင်တပ်က သံတွဲနဲ့ ဂွမြို့နယ်ကို ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ လေကြောင်း၊ ရေကြောင်းကနေ နေ့စဉ်ရက်ဆက်ဆိုသလို ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေဟာ နောက်ဆုံး ၃ လအတွင်းမှာ အများဆုံးမြို့နယ်တွေ ဖြစ်လာကြပါတယ်။
ဇူလိုင် ၈ ရက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့အနီးကို တရက်အတွင်း ရေတပ်က လက်နက်ကြီး အလုံးရေ ရာနဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဧရာဝတီ စစ်မျက်နှာမှာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အထိနာပြီးနောက် ဧရာဝတီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဂွ၊ သံတွဲမြို့နယ်က မြို့၊ ရွာတွေကို လေကြောင်း၊ ရေကြောင်းကနေ ဖိအားပေး တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။











