DVB Logo
Home
မြန်မာသတင်း
ဘုရင့်ဆွေတော်မျိုးတော်အုတ်ဂူသင်္ချိုင်း ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ် မရှိသေး
DVB
·
December 5, 2018
ဘုရင့်ဆွေတော်မျိုးတော်အုတ်ဂူသင်္ချိုင်း ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ် မရှိသေး
Donate to DVB

ရန်ကုန်မြို့၊ ငါးထပ်ကြီး ဘုရားအနီးဝန်းကျင်မှာရှိနေတဲ့ ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော် မျိုးတော်တွေရဲ့ အုတ်ဂူသင်္ချိုင်းတွေကို အနွယ်တော်တွေစောင့်ရှောက်တာဟာ သင့်တော်ပြီး အစိုးရက ထိန်းသိမ်းစောင့်ရှောက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဒုဝန်ကြီးက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တောင်တွင်းကြီး မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးမင်းသိန်းက မေးမြန်းလို့ ဖြေကြားခဲ့တာပါ။

“မြန်မာ့မြေမှာ ကျဆုံးခဲ့ရတဲ့ မဟာမိတ်စစ်သင်္ချိုင်းတွေကို မြန်မာနိုင်ငံမှာ ရှိနေတာကို သူတို့ကတောင်မှ တမြတ်တနိုး ထိန်းသိမ်းထားပါတယ်။ ဥပမာအားဖြင့် ထောက်ကြံ့ စစ်သင်္ချိုင်းနဲ့ သရက်မြို့က တူရကီစစ်သင်္ချိုင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက် ကို တန်ဖိုးထားသောအားဖြင့်၊ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်များကို တန်ဖိုးထားသော အားဖြင့် ဒီအုတ်ဂူများကို သက်ဆိုင်ရာဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ လွှတ်တော် ဥက္ကဋ္ဌကြီးမှ တဆင့် မေးမြန်းအပ်ပါတယ်” လို့ ဦးမင်းသိန်းက မေးခဲ့ပါတယ်။

ဒီအုတ်ဂူတွေဟာ ငါးထပ်ကြီးဘုရားနားက ဆာဦးသွင်တန်ဆောင်းလှေကားနားမှာရှိပြီး အုတ်ဂူပေါင်း အလုံး ၂၀ ရှိတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဒုဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဆာဦးဘရဲ့ အုတ်ဂူအပါအဝင် ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူ ၆ လုံးနဲ့ ကျန်အုတ်ဂူတွေကတော့ ပြင်ပပုဂ္ဂိုလ်တွေရဲ့ အုတ်ဂူဖြစ်တယ်လို့ ပြောပါတယ်။

ဒီအုတ်ဂူတွေထဲမှာ မင်းတုန်းမင်းတရားကြီးရဲ့ သမီးတော် မင်းတပ်ထိပ်ခေါင်တင်ရဲ့ အုတ်ဂူ ဟာ သက်တမ်းဟာ ၅၂ နှစ်လောက် ရှိနေပြီး ဘုံဆင့် ကနုတ်ပန်းပါတဲ့ အုတ်ပြဿဒ်ဂူ ဖြစ်တယ်လို့ ဒု ဝန်ကြီးက ပြောပါတယ်။ ကျန်တဲ့ အုတ်ဂူတွေကတော့ ဘာလက်ရာမှာ မပါတဲ့ ရိုးရိုးအုတ်ဂူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီမှာ မင်းတုန်းမင်းတရားကြီးရဲ့ သမီးတော် မင်းတပ်ထိပ်ခေါင်တင်၊ မင်းတုန်းမင်း တရားကြီးရဲ့ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး၊ မင်းတုန်းမင်းတရားကြီးရဲ့ မြေးတော် သုသီရိ နန္ဒဝတီခေါ် ပင်လယ်ထိပ်ခေါင်တင်ကလေး၊ အိမ်ရှေ့မင်းတရားကြီးရဲ့ မြေးတော်၊ မြင်းမူ ထိပ်ခေါင်တင်ဘုရားရဲ့ သားတော် မောင်မောင်ထိပ်ခေါင်တင်၊ ညောင်အုပ်မင်းသမီး ထိပ်တင်ချို၊ မင်းတုန်းမင်းတရားကြီးရဲ့ မြေး  ညောင်အုပ်မင်းသားရဲ့ သမီး ညောင်အုပ်ထိပ်တင်စိုးရဲ့ အုတ်ဂူတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီအုတ်ဂူတွေရဲ့ သက်တမ်းဟာ နှစ် ၆၀ ကနေ နှစ် ၈၀ ဝန်းကျင်ပဲ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒုဝန်ကြီးဦးကြည်မင်းက “ဘုရင့်ဆွေတော်မျိုးတော်များ အုတ်ဂူများ ထိန်းသိမ်းခြင်းနဲ့ ပတ်သက်လို့ ဆွေတော်မျိုးတော်များအသင်းက ဆောင်ရွက်တာဟာ သင့်လျော်ပါ ကြောင်းနဲ့ ဌာနအနေနဲ့ကတော့ ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုး၊ အနုပညာလက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုးမြင့်မားတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ဦးစားပေး ထိန်းသိမ်းနေရလို့ ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူတွေကို ထိန်းသိမ်းဖို့ အစီအစဉ် မရှိသေးပါ” လို့ ဖြေကြားပါတယ်။

ဘုရင့်ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူ ၆ လုံးကို လွန်ခဲ့တဲ့ ၁၈ နှစ် လောက်က ဘယ်သူမှ လာရောက်ပြုပြင်တာ မရှိခဲ့ပေမယ့် အခုနှစ် သီတင်းကျွတ်လပြည့်နေ့ မတိုင်ခင် အောက်မြန်မာပြည် ဆွေတော်မျိုးတော်များအသင်းက လာရောက်ပြီး ထိန်းသိမ်းပြုပြင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013