DVB Logo
Home
မြန်မာသတင်း
အခြားဘာသာကြီးတခုဆိုတာ ဘင်္ဂါလီကို ရည်ညွန်းခြင်းဖြစ်ဟု သူရဦးအောင်ကို ရှင်းလင်း
DVB
·
December 5, 2018
အခြားဘာသာကြီးတခုဆိုတာ ဘင်္ဂါလီကို ရည်ညွန်းခြင်းဖြစ်ဟု သူရဦးအောင်ကို ရှင်းလင်း
Donate to DVB

မြိုင်ကြီးငူ ဆရာတော် ဈာပန အခမ်းအနားမှာ ပြောကြားခဲ့တဲ့ အခြားဘာသာကြီးတခုဆိုတာ ဟာ ဘင်္ဂါလီတွေကိုသာ ရည်ညွန်းပြောဆိုတာဖြစ်တယ်လို့  သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေရှင်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်က ကျင်းပခဲ့တဲ့  မြိုင်ကြီးငူဆရာတော် ဈာပန အခမ်းအနားမှာ ဆရာတော်တွေထံ သူရဦးအောင်ကိုက လျှောက်တင်ခဲ့တာနဲ့  ပတ်သက်ပြီး အခြား ဘာသာဝင်တွေအကြား သဘောထား အထင်အမြင် လွဲမှားတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူရဦးအောင်ကိုက“တကယ်တော့ အခြားဘာသာကြီး တခုဆိုတာ ဘင်္ဂါလီကိုရည်စူးပြီးပြောတာပါ။ သူတို့က ဘင်္ဂါလီက ၇ သိန်းကျော်လို့ပြောတယ်။ နောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ကုလသမဂ္ဂညီလာခံမှာ ၁ သန်းလို့ ပြောတယ်။ သူတို့ ပြောပြီးမှ နိုင်ငံတကာအကူအညီ အထောက်အပံ့တွေ တောင်းပြီးတော့မှ ဝေမျှစားနေ ကြတာပါ။အခု ပြန်လွှတ်ပေးပါဆိုတော့လဲမလွှတ်ပေးဘူး။ ဒါတွေလွှတ်ပေးလိုက်ရင် ၀င်ငွေလျော့သွားမယ်။ နောက် ဘင်္ဂါလီ လူငယ်တွေကို ရိုက်သွင်းထားတဲ့ စိတ်ဓာတ်က ရခိုင်ကို ချီတက်ကြမယ်။ မြန်မာနိုင်ငံကို ချီတက်ကြမယ်။ ဒီလိုဖြစ်နေတာ။ အဲ့ဒီလို စိတ်ဓါတ်တွေက သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်က မြန်မာနိုင်ငံကို ချီတက်ကြမယ်ပဲ။ အဲ့လိုဖြစ်နေတော့ အဲ့ဒါကို ရည်စူးပြောဆိုတာ ဖြစ်ပါတယ်”လို့  ပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့  ၂၀၁၈ ပညာရေး နှီးနှောဖလှယ်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြိုင်ကြီးငူ ဆရာတော် ဈာပနပွဲမှာတော့   သူရဦးအောင်ကိုက ဆရာတော်တွေထံ လျှောက်ထားရာမှာ “တပည့်တော်တို့က တလင်တတမယားစနစ်နဲ့ သားသမီး တယောက် နှစ်ယောက်ယူနေတဲ့ အချိန်မှာ အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီးမယား သုံး/လေး ယောက် ယူပြီးတော့မှ သား သမီး ၁၅ယောက် ၂၀ ယောက်လောက်မွေးဖွားနေတဲ့ အချိန် နောင် နှစ် ၃၀၊ ၄၀၊ ၅၀ ကာလကြာမြင့်ရင် ဒီပြည်ထောင်စုကြီးမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာတိုင်းရင်းသားတွေက လူနည်းစုဖြစ်သွားမှာ သေချာနေပါတယ် ဘုရား”လို့ ထည့်သွင်း သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို သုံးနှုန်းပြောဆိုခဲ့တဲ့အပေါ်ကို အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတချို့ကလည်း ကန့်ကွက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013