DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက်အမှု စက်တင်ဘာ ၁၁ ရက်နေ့ ထပ်မံရုံးချိန်း
DVB
·
September 4, 2012
Donate to DVB

ဒီဗွီဘီ သတင်းထောက် ဦးဇော်ဖေနဲ့ ကျောင်းသားမိဘတဦးကို မကွေးတိုင်း ပညာရေးဌာနရုံးက တရားလိုပြုပြီး တရားစွဲဆိုထားတဲ့အမှု မနေ့က မကွေးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်လို့ ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေက ပြောပါတယ်။

“ရုံးတင်တဲ့အခါကျတော့ ကျနော်တို့က ဥပဒေ နားမလည်တဲ့အခါကျတော့ နောက် ၁ ပတ် ၁၁ ရက်နေ့ကို ပြန်ပြီးတော့ ရုံးချိန်းပြန်တောင်းပါတယ်။ ကျနော်တို့ ၂ ယောက်ကို သိန်း ၁၀၀ နဲ့ အာမခံပေးပြီး ၁၁ ရက်နေ့ကို ပြန်ချိန်းပါတယ်။”

ဂျပန်နိုင်ငံက ပေးတဲ့ ပညာသင်ဆုအတွက် အသက် ၁၅ နဲ့ ၁၈ နှစ် ကြားရှိပြီး ၉ တန်း ကျောင်းသားကျောင်းသူတွေကို စာမေးပွဲဖြေဆိုပြီး ရွေးချယ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မကွေးမှာ အသက် ၁၅ နှစ်ပြည့်ပြီး ၉ တန်း ကျောင်းသားကျောင်းသူ ရှိနိုင်ပါ့မလား၊ ဘယ်လောက် စာရင်းသွင်းထားသလဲ စသဖြင့် မကွေးမြို့နယ်ပညာရေးမှူးရုံးမှာ သွားရောက် မေးမြန်းခဲ့တဲ့အတွက် အခုလို တရားစွဲဆိုခံရတာပါ။

ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင် (ခ) ကိုလှိုင်လှိုင် (သွေးကူညီရေး-တောင်တွင်းကြီး) နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီ သတင်းထောက် ဦးသူရသက်တင် (ခ) ဦးဇော်ဖေ တို့နှစ်ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့နဲ့ မကွေးမြို့ ပညာရေးဌာနရုံးက တရားလိုပြု တရားစွဲဆိုလိုက်တာပါ။

တရားစွဲခံရတဲ့ ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်က “ကျနော်သိချင်တဲ့ကျောင်းသားမိဘတယောက်အနေနဲ့ ၀င်မေးတာကိုး။ ကျနော်မေးတဲ့အပေါ်မှာ သူတို့မဖြေပဲ သူတို့ထွက်ပြေးသွားပြီးတာ့ ကျနော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် ကျနော်တော့ တရားစွဲခံရတယ်။”

မကွေးတိုင်းမှာ အရင်ကလည်း သတင်းထောက် ၂ ဦးကို အမှုဖွင့် တရားစွဲခဲ့ဖူးပေမယ့် ရဲစခန်းမှာ ဖြေရှင်းနိုင်ခဲ့ပြီး တရားရုံးထိ မရောက်ခဲ့ဖူးလို့ မကွေးတိုင်း သတင်းစာဆရာများအသင်းက ပြောပါတယ်။

မကွေးတိုင်း သတင်းစာဆရာများအသင်း ဥက္ကဋ္ဌက “ကျနော်တို့ သတင်းသမားတွေက အများအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဖြစ်တာ များတယ်။ အမှန်က အုပ်ချုပ်ရေးမဏ္ဍိုင်က ကျနော်တို့ စတုတ္ထမဏ္ဍိုင်နဲ့ ပူးပေါင်းရမှာ။  ပူးပေါင်းပြီး အလုပ်လုပ်မှလည်း ကျနော်တို့ တိုင်းပြည် အနေနဲ့ ပြုပြင်ရေးကိစ္စတွေ ပိုပြီးအောင်မြင်မယ်။ နောက်ပြီးလာဘ်ပေးလာဘ်ယူမှုတွေမှာ အောင်မြင်မယ်ဗျာ။

ဝန်ထမ်းတွေအကျင့်ပျက်ခြစားတာတွေမှာ အောင်မြင်မယ်။ ဒီလိုမီဒီယာလိုင်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တဲ့အတွက် အစိုးရလုပ်ချင်တဲ့ ပြုပြင်ရေးလိုင်းတွေက ပိုပြီးအောင်မြင်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။”
အမှုကို ဦးတင်အောင် (မြို့နယ်တရားသူကြီး)၊ ဒေါ်ခင်အေးစိုး (မြို့နယ်ဥပဒေအရာရှိ) တို့က ကြားနာမှာ ဖြစ်ပြီး တရားစွဲဆိုခံရသူ ဘက်က ရှေ့နေငှားတရားရင်ဆိုင်ဖို့ အဆင်သင့် မရှိသေးတာကြောင့် တရားသူကြီးက ရုံးချိန်း ၁ ပတ် သတ်မှတ်ပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013