တက္ကသိုလ်ကျောင်းသားများကို လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း၊ လှံသိုင်း သင်ပေးမည်
DVB
·
December 4, 2018

ရန်ကုန်တက္ကသိုလ်မှာ လာမယ့်ပညာသင်နှစ်ကစတင်လို့ သိုင်းပြောင်းပြန်သင်တန်း ဖွင့်လှစ်ဖို့ရှိနေပြီး တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း၊ လှံသိုင်းတွေ သင်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီသင်တန်းဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား ကျောင်းသူ တွေအတွက် ဗလငါးတန်ဖွံ့ဖြိုးစေဖို့နဲ့ မြန်မာ့ရိုးရာသိုင်းပညာရပ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး လေးစားတန်ဖိုးထားတတ်စေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သင်တန်းကို ၂၀၁၉ ဇန်န၀ါရီ ၃ ရက်မှာ စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နာယကဆရာကြီး ဦးမောင်လေးတည်ထောင်ခဲ့တဲ့ ကမ္ဘောဇ နန်းတွင်းလိုင်းခူးကာချန့် သိုင်းပြောင်းပြန်သင်တန်းကို ဆရာကြီး ဦးသိန်းအေးက ဦးစီးသင်ကြားသွားမှာပါ။
သင်တန်းကြေးကိုတော့ ပညာဒါနအနေနဲ့ ပေးသွင်းစရာမလိုပဲ ပတ်စ်ပို့တ်ဓာတ်ပုံ ၃ ပုံနဲ့အတူ သင်ရိုးစာအုပ်၊ ၀တ်စုံစရိတ်နဲ့ သင်တန်းသားအသိအမှတ်ပြုကတ်ကြေး ၉၀၀၀ ကျပ်ပေးသွင်းပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
သင်ကြားမယ့်အချိန်ကတော့ အပတ်စဉ် ကြာသပတေးနဲ့ သောကြာနေ့တိုင်း ညနေ ၄နာရီခွဲကနေ ၅နာရီခွဲအထိ ဖြစ်ကာ လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း၊ လှံသိုင်းတွေ ပါဝင်ပါတယ်။
သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ ဒီဇင်ဘာ ၃ ရက်မှ ၃၁ ရက်အထိ ကိုသိုက်ထွန်းအောင်ဖုန်း-၀၉၄၃၀၅၄၉၂၂ နဲ့ ကိုကျော်ကျော်ထက်-ဖုန်း 09795811568 တို့ဆီ ဆက်သွယ်နိုင်ပါတယ်။