
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မြို့ရဲ့ လိုအပ်ချက်အရ နယ်မြေရဲစခန်းတခုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာရှာဖွေနေပါတယ်။
လက်ရှိမှာ မြို့ရဲ့လူဦးရေက ၃၄၀,၀၀၀ ကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင်က အရာရှိအပါအဝင်မှ ၁၀၀ ကျော်သာရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ယောက်က ပြည်သူ ၂၀၀၀ ကျော်ကို တာဝန်ယူ ဆောင်ရွက်နေရတာဖြစ်ပါတယ်။
မြို့ပေါ်မှာလည်း ရပ်ကွက် ၃၁ ရပ်ကွက်ရှိပြီး နယ်မြေကျယ်ဝန်းတာကြောင့် ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါ အခက်အခဲတွေရှိတဲ့အတွက် ရဲစခန်းတိုးချဲ့ဖွဲ့စည်းနိုင်ရေး သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြထားပြီး သက်ဆိုင်ရာကလည်း မြေနေရာ ရှာဖွေခွင့် ပြုထားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်လှိုင်က “လုံခြုံရေးအမြင်အရ ပြောမယ်ဆိုရင် အင်အားနည်းပါးနေတဲ့အတွက် အင်အား ဖြည့်ဆည်းပေးဖို့နဲ့ မြို့ပေါ်မှာလည်း အင်အားလိုချက်အရ နယ်မြေရဲစခန်းအသစ်တခု ဖွင့်လှစ်ဖို့ တင်ပြဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ အလှူရှင်တဦးကနေ မြေနှစ်ဧကကို ပြည်တော်သာရပ်ကွက်မှာ လှူဒါန်းထားတာရှိတယ်။ ရဲစခန်းတခု ဖွင့်လှစ်လို့ရှိရင် ရဲစခန်းအင်္ဂါရပ်နဲ့ အညီ အဆောက်အဦတွေ ဆောက်လုပ်နိုင်ဖို့အတွက် မြေနေရာ တိုးချဲ့ရရှိဖို့အတွက် ရှာဖွေနေပါတယ်။ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်နေပါတယ်။” လို့ ပြောပါတယ်။
မုံရွာမြို့နယ်မှာ ရပ်ကွက်ကြီး ၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာပေါင်း ၁၇၁ ရွာမှာ ရဲစခန်း ၂ ခု၊ ရဲကင်းရဲစခန်း ၂ ခု၊ နယ်မြေရဲကင်း ၂ ခုနဲ့ လုံခြုံရေးရဲကင်း ၁ ခုတို့သာရှိတာပါ။
ဒါ့အပြင် တက္ကသိုလ် ၄ ခု၊ ကောလိပ် ၁ ခုနဲ့ စက်မှုအထက်တန်းကျောင်း ၁ ကျောင်းတို့ရှိပြီး အနယ်နယ်အရပ်ရပ်က ကျောင်းသား၊ ကျောင်းသူတွေ လာရောက်ပညာသင်ကြား ကြတာလည်း ဖြစ်ပါတယ်။
နယ်မြေရဲစခန်းအသစ် တိုးချဲ့ဖွဲ့စည်းပြီးသွားရင်တော့ ရဲလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အများကြီး တိုးတက်အထောက်အကူပြုလာနိုင်ပြီး ဒုစရိုက်မှုတွေလည်း လျော့နည်းသွားဖို့ မြို့နယ် ရဲတပ်ဖွဲ့က ရည်မှန်းထားပါတယ်။











